တရားသူကြီးမင်းကား အောက်ပါစကားရပ်ဖြင့် တရားမမှု ဒီကရီတစ်ရပ်ကို အသံဝါကြီးဖြင့် အဆုံးသတ် ချမှတ် လိုက်လေသည်။
့''ရှေ့နေခ ကျပ် ၃၀၀၀ သတ်မှတ်လိုက်သည်''
တရားခွင်တစ်ခုလုံးမှာ တိတ်ဆိပ်မှုက လွှမ်းမိုးနေသည်။
တိတ်ဆိပ်မှု အကြားမှ ငိုရှိုက်သံသဲ့သဲ့လေး တိုးဝင်၍ လာသည်။
ခွင်ပေါ်မှတရားသူကြီးလည်း မျက်မှောင်ကျုံ့သွားပြီး ရုတ်တရက် တွေးစရာတွေ ဖြစ်လာသည်။
အများအားဖြင့် ပြစ်မှုများတွင်သာ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကျခံစေ စသည်ဖြင့်အမိန့်ဆုံးသည့်အခါ တရားခံဘက်က ဇနီး သမီးတို့သာ ငိုကြယိုတတ်ကြသည်။ ခုလို တရားမမှုမျိုး ဘယ်ဖက်ကမှ ငိုရိုးထုံးစံမရှိချေ။
မျက်လုံးကို မျက်မှန်ပေါ်မှကျော်ကာ ဟိုဟိုသည်သည် ရှာဖွေကြည့်မိသည်။ နှစ်ဖက် အမှုသည်အမျိုးသမီးများကား အေးအေးလူလူပင်။
အလို့  ဟိုမှာ ပဝါလေးထုတ်ပြီး မျက်ရည်နှပ်တွေ သုတ်နေတာ စီနီယာရှေ့နေကြီး ဦးပေသီးပါလား။
အမှုနိုင်လို့များ ဝမ်းသာလွန်းလို့ မျက်ရည်ကျတာလား။
အားလုံး၏ မျက်လုံးအစုံသည် ဦးပေသီးထံ ရောက်ကြပေပြီ။
ဦးပေသီးကား တရှုတ်ရှုတ် ငိုနေရင်းမှ ငိုသံပါကြီးနှင့် လျောက်လဲတင်ပြလေသည်။
့"ဟိုတုန်းအခါက ခုလို ရှေ့နေခ သတ်မှတ်ပေးတာ ဘယ်လိုမှ မခံစားရပါကြောင်း အခုရက်ထဲ အနည်းဆုံးလုပ်အားခ အခကြေးငွေကို ၃၆၀၀ ကျပ်သတ်မှတ်မည့် သတင်းဖတ်လာရကြောင်း မိမိမှာ ယခုအမှုကို အနည်းဆုံး ရုံးချိန်း ၂၅ ချိန်း လိုက်ပါဆောင်ရွက်ခဲ့ရပါကြောင်း မိမိကို ပညာရှင်ဟု မသတ်မှတ်ဘဲ အနိမ့်ဆုံး အလုပ်သမား တစ်ယောက်၏ အခကြေးငွေနဲ့တွက်လျှင် ကျပ်ကိုးသောင်း ကျသင့်မည်ဖြစ်ကြောင်း သွားလာစရိတ်များလည်း မပါသေးကြောင်း တရားသူကြီးမင်းအနေဖြင့် ဘီစီအမ် ပါပြဌာန်းချက်အတိုင်း သတ်မှတ်ပေးရခြင်းဖြစ်သည်ကို နားလည်ပါကြောင်း အပြစ်ပြောရန်လည်းမရှိပါကြောင်း သို့သော်လည်း သီအိုရီအရ အလုပ်ကြမ်းသမား ဘဝလောက်မှ အခြေမလှသည့် မိမိဘဝကို မိမိတွေးတွေးပြီး ရင်နာလွန်းလို့ ငိုမိပါကြောင်း"" ပြောဆိုပြီး
ရင်ဘတ်ကြီး စည်ကဲ့သို့တီးကာ ဟီးလေးတိုက်၍ လူးကာလှိမ့်ကာ ငိုပွဲဆင်ရှာလေတော့သတည်း။
Credit//
ဆရာ Nyo Lwin Oo
No comments:
Post a Comment