မြန်မာပြည်အ၀ှမ်း ရေတွေ မြုပ်နေတာကို ကြည့်ပြီး၊ ပူလောင်ဝမ်းနည်းရသလို၊ ခေါင်းထဲကို ၀င်လာတဲ့ အတွေးတွေလဲ ရှိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ၀န်းကျင်လောက်ကလဲ ဒီဒေသကြီးဟာ ဒီလို ရေတွေ မြုပ်နေခဲ့တာ ဆိုတာကိုပါ။ ကျိုက်ထီးရိုး ဆိုတာ ပင်လယ်ပြင်ကြီးနေရာ၊ ပဲခူးမြို့ဆိုတာ ဟင်္သာတကောင်သာ ခြေချစရာ နေရာ၊ ဆူးလေ ဆိုတာ ရေပတ်လည်ဝိုင်းခဲ့တဲ့ နေရာ၊ ဒီလို ရေပြင်တွေ နေရာအနှံ့ရှိခဲ့လို့၊ အလောင်းစည်သူ ဆိုတဲ့ ဘုရင် ဖေါင်စကြာ လှည့်နိုင်ခဲ့ တန်ရဲ့ ဆိုတာတွေပါပဲ။
ဓါတ်သမားတွေ၊ ဂမ္ဘီရသမားတွေကတော့ ခေတ်ပြောင်းချိန်၊ ကပ်ဆေးတယ် တဲ့။
ဘီလူးခေတ်ကနေ နဂါးခေတ်ကို ပြောင်းသတဲ့။
ဘီလူးတွေလောက် လူတွေကို စားသောက် မကြမ်းတမ်း မရက်စက်တော့ပေမဲ့၊ နဂါး ဆိုတာလဲ အမျက်မာန်စောင်တတ်တဲ့ ကြမ်းတမ်းသူတွေပါပဲတဲ့။ ဘိုးတော်မောင်သီ တို့ကို မေးမှပါပဲ။
ကျနော်ကတော့ ကျနော့်အတွေးထဲ ၀င်လာတဲ့အတွေးက ဟိုးအတိတ်တနေရာက မြန်မာပြည်ကြီး ကို သတိရသွားမိသလို၊ ဟိုးအနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ လို့ စိတ်ကူးတွေကွန့်မြူးမိပြန်ပါတယ်။
ခုလို ရေတွေ လွှမ်းနေတဲ့အချိန်မှာ နောက်ထပ် မိုးတွေ ၂ ပတ်လောက်ပဲ ဆက်တိုက်ရွာမယ် ဆိုရင်၊ မြောက်ဖျားက ရေခဲတောင်ကြီးကလဲ ပြိုကျလာမယ် ဆိုရင် လို့၊ တွေးဆက်ပြန်တယ်။
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Submersion of Japan ဆိုတဲ့ ဂျပန်ပြည် နစ်မြုပ်ခြင်း ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ဂျပန်ကျွန်းတွေဟာ ရေအောက်ထဲ ကို လုံးလုံးလျားလျားမြုပ်သွားခဲ့တော့တယ်။
အဲဒီအချိန်မှာ ဂျပန်တွေဟာ နိုင်ငံမဲ့ လူမျိုးတွေအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ထွက်ခွာ သွားရတယ်။
တကယ်လို့များ မြန်မာပြည်ကြီးသာ တတိုင်းပြည်လုံး ရေလွှမ်းမိုးခံသွားရမယ် ဆိုရင်၊ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေဟာလဲ နိုင်ငံမဲ့ လူသားတွေ ဖြစ်ကုန်ကြ၊ ကမ္ဘာ့နိုင်ငံအသီးသီးကို တကွဲ တပြားစီ ရောက်ကုန်ကြတော့မှာပါပဲ။
လူ ကို အခြေခံ၊
မေတ္တာ ကို အခြေခံ
အင်မတန်မှ နူးညံ့လှတဲ့ သာသနာနဲ့ အစပြု တည်ထောင်ခဲ့တိုင်းပြည် ဖြစ်ပါလျှက်၊ မြန်မာပြည်သားတွေ သာသနာစစ်နဲ့ ကွဲသထက်ကွဲ၊ လွဲသထက်လွဲရင်း ကပ်တွေ ဆိုက်လာရတယ်။
တတိုင်းပြည်လုံး ရေတွေ မကျတော့ဘူး ဆိုရင်၊ ခင်ဗျားတို့ ဘယ်လို ရွေးကောက်ပွဲ ဆက်လုပ်ပြီး၊ ဘယ်လို တိုင်းပြည် အုပ်ချုပ်မလဲ စဉ်းစားမိပြန်ပါသေးတယ်။
"တရံရောအခါ ဂင်္ဂါ" ထဲ ရေးခဲ့သလို၊ တိုင်းပြည်ဆိုတာ မရှိရင်၊ နယ်နမိတ်ဆိုတာ မရှိရင်၊ စစ်မက် ဆိုတာတွေလဲ ရှိမှာ မဟုတ်ဘူး လို့ ရေးခဲ့သလို၊ ခု ဒီမြေ ဒီပြည်မှာ အာဏာ ငန်းငန်းတက် လု နေကြတဲ့သူတွေ၊ ဒီမြေ ဒီရေ ကို မှီ အကျိုးစီးပွားတည်ဆောက်ခဲ့၊ တည်ဆောက်နေကြတဲ့သူတွေ ဒီမြေ ဒီရေ စုန်းစုန်းမြုပ်ကွယ်ပျောက်သွားရင် ဘယ်လို ခရီးဆက်ကြပါ့မယ်။
တရံရော အခါ ဂင်္ဂါ . . .ကို တွေးမိရင်း၊ ၉၂-၃ ၀န်းကျင် ကျောင်းပြန်တက်ခါစ ကာလ တခုမှာ၊ သစ္စာ ဆိုတဲ့ ၀တ္ထုတပုဒ်ကို ရေးဖို့ ပျိုးခဲ့တာကို မှတ်မိပြန်လာတယ်။
×××
အမှန်တရား . . .ကို ရှာဖွေခြင်း . . .တဲ့။
သမုဒ္ဒရာထဲက ကျွန်းမြေတခုပေါ်ကို အရပ်လေးမျက်နှာက ရောက်လာတဲ့ လူမျိုးစု လေးစု၊ လူအုပ်စု လေးစု၊
အရှေ့ က လာတဲ့သူတွေက အရှေ့ကို ယုံတယ်။ အရှေ့ကို မှီတဲ့ အယူအဆ၊ ကိုးကွယ်မှုတွေ ပြုတယ်။
အနောက်က လာတဲ့ သူတွေက အနောက်ကို ယုံတယ်၊ အနောက် ကို မှီတဲ့ အယူအဆ ကိုးကွယ်မှုတွေ ပြုတယ်။
ဒီလိုပဲ မြောက်က၊ တောင်က သူ့အယူအဆနဲ့သူ၊ သူ့ယုံကြည်မှုနဲ့သူ။ သူ့ဓလေး ထုံးစံနဲ့သူ။
အရှေ့အယူအဆ က အနောက်နဲ့ ဆန့်ကျင်တယ်။ အနောက် အယူအဆ က အရှေ့နဲ့ ကွဲလွဲတယ်။ ဒီလိုပဲ တောင်နဲ့မြောက် ဖီလာ။ ဒီတော့ ကိုယ့်အယူအဆကိုယ်သာ အမှန်ထင်ခဲ့ကြတဲ့ ဒီမျိုးနွယ်စုတွေအကြားမှာ အမှန်တရားအတွက် တိုက်ပွဲတွေ ပဋိပက္ခတွေ ဖြစ်လာတော့တယ်။
အမှန်တရား ဆိုတာ တခုပဲ ရှိပါသတဲ့။ ကိုယ့်အမှန်တရား မှန်ကန်ကြောင်း ပြနိုင်ဖို့၊ တခြားသော အမှန်တရားအတုအယောင်တွေ ကို ဖယ်ရှားဖို့ လိုပါသတဲ့။
မျိုးနွယ်စုလေးစု အကြားက သွေးချင်းချင်းနီ တိုက်ပွဲတွေ ဟာ ကျွန်းမြေတခုလုံးကို ဖုံးလွှမ်းခဲ့တယ်။ အရှေ့နဲ့ အနောက်နဲ့ စစ်ပွဲ မဟုတ်၊ တောင်နဲ့မြောက်နဲ့ စစ်ပွဲ မဟုတ်၊ အရှေ့အနောက်တောင်မြောက် လေးစုစလုံး ပြင်းပြင်းထန်ထန် တစုနဲ့တစု တိုက်ကြတဲ့ စစ်ပွဲ၊
စစ်မြေပြင်မှာ ကျားမ၊ ကလေးလူကြီးမရှိ။ အကုန်လုံး သွေးဆာနေတဲ့ ဘီလူးတွေ ဖြစ်ကုန်ကြတယ်။ ဒီလို စစ်ပွဲတွေ ဖြစ်နေစဉ်မှာပဲ ကမ္ဘာမြေကြီးဟာ တုန်လှုပ်မြည်တမ်းလာတယ်။ ကျောက်တောင်ကြီးတွေဟာ ခါယမ်းလာတယ်။ တောင်ထိပ်တွေဟာ မီးခိုးတွေ အူထွက်လာတယ်။ ကမ်းခြေတွေမှာ ဒီရေလှိုင်းလုံးကြီးတွေ တက်လာတယ်။ တဖြည်းဖြည်းနဲ့ လှိုင်းလုံးကြီးတွေ ကြီးသထက်ကြီးလာ၊ ကမ္ဘာမြေဟာ လှုပ်ယမ်းရုံမက၊ အက်ကွဲပြိုကျ၊ ကျောက်တောင်ကြီးတွေ ပေါ်က ကျောက်တုံးကြီးတွေ လိမ့်ဆင်း၊ မီးခိုးအူနေတဲ့ တောင်ထိပ်ဝတွေက မီးရည်ပူတွေ လျှံထွက်၊ လူတွေဟာ ခိုကိုးရာမဲ့ ပြေးကြလွှားကြ။
အရှေ့အနောက်တောင်မြောက် ဆိုတာ မရှိတော့ဘူး။ လူတွေ ပဲ ရှိတော့တယ်။ အသက်နဲ့လူတွေ။ အသက်ကို ဖက်နဲ့ထုပ်သလို ထုတ်ပြီး၊ ပြေးလွှားကြတဲ့ လူတွေ ပဲ ရှိတော့တယ်။
ရေစီးထဲ မျောပါလာတဲ့ မိန်းမပျိုလေးတယောက်ကို အရှေ့သား လူငယ်တယောက်က ဆွဲကယ်လိုက်တယ်။ ရေစိုတုန်ယင်ကြောက်လန့်ငိုကြွေးနေသူလုံမငယ်ဟာ သူတို့အရှေ့ကို ဆန့်ကျင်သူ နှာတန်ပေါ်ပေါ်နဲ့ အနောက်သူတယောက်ပါလား။
မီးချော်ရည်တွေပန်းထွက်နေတဲ့ကြားက ပိတ်မိနေတဲ့ အဖိုးအိုနဲ့ အဖွားအိုကို မြောက်ပိုင်းသား ရွှေဝါရောင်ဆံပင်ပိုင်ရှင် လူကြီးက ကြည့်ပြီး သက်ပြင်းတွေ ချ နေမိတယ်။ အဖိုးအဖွားတို့က တောင်ပိုင်းသူ အသားဝါ နှာခေါင်းသေးသေး မျက်စိပေါက်ကျဉ်းကျဉ်းတွေ။ နောက်ဆုံးမှာတော့ မြောက်ပိုင်းသားဟာ အဲဒီမီးလျှံတွေရဲ့ လွတ်ရာကို တောင်ပိုင်းအဖိုးအဖွားကို ကယ်ထုတ်ခဲ့တယ်။
သဘာဝ လောကကြီး ပြန်တည်ငြိမ်သွားချိန်မှာတော့ ကျန်ရစ်သူတွေဟာ စစ်သည်တော်တွေ မဟုတ်တော့ဘူး။ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေ မကျန်တော့ဘူး။ ရှင်သန်ရေးအတွက် ရုန်းကန်ကြသူတွေသာ ဖြစ်တယ်။ အရှေ့အနောက်တောင်မြောက် ဆိုတာလဲ မရှိတော့ဘူး။ လူတွေသာ ကျန်ခဲ့တော့တယ်။
ဒီလိုနဲ့ ကျွန်းမြေမှာ အသွင်သဏ္ဍန်အားဖြင့် လေးမျိုးကွဲပြားတဲ့ မျိုးနွယ်လေးစုတို့ အတူတကွ ပေါင်းသင်းနေထိုင်လာခဲ့ကြပါတော့သတဲ့။
ဒီလိုနဲ့ နေထိုင်လာကြရင်း အုပ်ချုပ်ရေးစနစ်တွေ တည်ဆောက် နိုင်ငံရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်လာကြတဲ့အခါမှာ အရှေ့သားနိုင်ငံရေးသမားတယောက်က ဒီလိုကြံစည်တယ်။ ငါတို့ အရှေ့ပိုင်းက လူတွေ ကို စည်းရုံးနိုင်ရင် ငါ အရွေးခံ၊ ခေါင်းဆောင်ဖြစ်မှာပဲ တဲ့။ ဒါနဲ့ သူဟာ အချက်ကျကျ စီစဉ်တယ်။ အရှေ့ယဉ်ကျေးမှု ဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်း စာတွေရေးတယ်။ ဂီတဆရာတွေကို တေးသီချင်းတွေ သီကုံးခိုင်းတယ်။ အရှေ့ထုံးစံ ကစားပွဲတွေ၊ ၀တ်စားဆင်ယင်မှုတွေ ပြန်ဖေါ်ထုတ်တယ်။ အရှေ့သားလူငယ်လေးတွေဟာ မသိမသာကနေ သိသိသာသာ သူတို့အရှေ့သားတွေဟာ သာမန်တခြားသော တောင်မြောက်အနောက်ပိုင်းက လူတွေထက် ကြီးကျယ်ခမ်းနားမြင့်မြတ်တယ် လို့ အသိဝင်ကုန်ကြတယ်။
ကစားပွဲတခုမှာ အရှေ့သားလူငယ်တယောက်နဲ့ အနောက်သား လူငယ်တယောက် ပြိုင်ကြတယ်။ အရှေ့သားလူငယ်ကို အားပေးကြတဲ့ အရှေ့အုပ်စုဟာ အရှေ့ရဲ့ ဇာတိသွေး ဇာတိမာန်တက်ကြွစရာတွေကို အော်ဟစ်အားပေးကြတယ်။ ကစားပွဲမှာ အရှေ့သားနိုင်သွားတဲ့အခါ အဲဒီအရှေ့သားကို ထမ်းပြီး အရှေ့သားတွေ အောင်ပွဲခံကြတယ်။
အနောက်သား ကလေးလေးတယောက်ဟာ ကျောင်းကနေ ငိုပြီး ပြန်လာတယ်။ သူ့သူငယ်ချင်းအရှေ့သားတွေက သူ့ကို ၀ိုင်းနှိမ်လိုက်ပါသတဲ့။
ငါတို့သာ ကြီးကျယ်ခမ်းနားတဲ့ လူမျိုး၊ ငါတို့ဘာသာသာ အမှန်တရား၊ ငါတို့ဟာ ဒီကျွန်းရဲ့ မူလပိုင်ရှင် နေထိုင်သူတွေ တဲ့၊
အနောက်သားကလေးလေးရဲ့ မိခင်ဟာ မျက်နှာမကောင်းဘူး။ သူ့ခင်ပွန်းပြန်လာတော့ ပြောပြလိုက်တယ်။ သူ့ခင်ပွန်းက စိတ်ညစ်ပြီး သေရည်ဆိုင်မှာ သွားသောက်တယ်။ မူးလာတဲ့အခါ သူ့အနောက်သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။ ငါတို့ အနောက်သားတွေ သိပ်မျက်နှာငယ်တာပဲ တဲ့။
ဒုန်းခနဲ စားပွဲခုံကို လက်နဲ့ထုပြီး၊ အနောက်သားလူကြီးတယောက်က မင်းတို့ ဘယ်လောက်နားလည်လို့လဲ လို့ ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
အနောက် ဆိုတာ အင်မတန်အစဉ်အလာကြီးမားခဲ့တယ်၊ ငါတို့ရဲ့ ဘုရားသခင်ဟာ ဘယ်လောက်ကြီးကျယ်မြင့်မြတ်၊ ငါတို့ရဲ့ ဘိုးဘွားတွေဟာ ဘယ်လိုဆင်းသက်လာ လို့ အနောက်သားလူကြီးက တဖိတ်ဖိတ်တောက်နေတဲ့ မျက်လုံးတွေနဲ့ ပြောပြတယ်။ နားထောင်နေတဲ့ အနောက်အုပ်စု လူငယ်လေးတွေဟာ အဲဒီလူကြီးမျက်လုံးအိမ်ကို အကြည့်တွေ မခွာနိုင်ကြဘူး။ သူတို့မျက်လုံးတွေမှာလဲ အရည်တွေ တလဲ့လဲ့နဲ့။
ဒီလိုနဲ့ အရှေ့အနောက်အုပ်စုတွေ သူတို့ယဉ်ကျေးမှုတွေ ကြီးကျယ်ခမ်းနားကြောင်း ပြန်လည်ဖေါ်ထုတ်လာကြတာနဲ့အပြိုင် တောင်မြောက်အုပ်စုတွေလဲ သူတို့တွေဟာ နေ့ တိုက်ရိုက်ဆင်းသက်၊ ဗြဟ္မာကြီးတွေက တိုက်ရိုက် ပေါ်လာ စသဖြင့်တွေ ဖြစ်ကုန်ကြတယ်။
နှစ်ပေါင်းထောင်ချီက မျိုးနွယ်စုတွေအကြားဖြစ်ခဲ့တဲ့ စစ်ပွဲကြီးကို ပြန်ပြောနိုင်တဲ့သူမရှိဘူး။ အဲဒီတုန်းကနေဲ့ မတူကြတော့ သွေးနှောကြတဲ့ ကပြားမိသားစုတွေပါပဲ။ အရှေ့က လက်မခံ၊ အနောက်ကို သွားမရ အဲဒီကပြားသွေးနှောသူတွေဟာ ကြားညပ်ကုန်ကြတယ်။
ဒီလိုနဲ့ မျိုးနွယ်စုတွေ အကြားတင်းမာမှုတွေကနေ စစ်သွေးကြွမှုတွေလဲ ပေါ်သထက် ပေါ်လာပြန်တယ်။
ကမ္ဘာမြေကြီးဟာ တုန်လှုပ်စ ပြန်ပြုလာ၊
ဒီရေတွေဟာ တရိပ်ရိပ် ပြန်တက်၊
ကျောက်တောင်ကြီးတွေက တုန်ခါ စ ပြု၊
တောင်ထိပ်ကြီးတွေ မှာ မီးခိုးတွေ မှုတ်ထုတ်လာသည့်တိုင် လူတွေက တော့ မုန်းတီးမှုတွေနဲ့ စစ်ရေးပြင်ဆင်နေကြတယ်။
သူတို့ရဲ့ ခေါင်းဆောင်တွေ အသီးသီးဟာ သူတို့အာဏာရရေးအတွက် လူငယ်တွေကို အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့၊ မျိုးချစ်တရားတွေ တွင်တွင်ဟောတယ်။
သွေးနှောမိသားစုတွေဟာ လှေတွေအုပ်စုဖွဲ့ပြီး သမုဒ္ဒရာ ကို ဦးတည်ထွက်သွားကြတယ်။ သူတို့ချစ်တဲ့ ကျွန်း ဟာ တဖြည်းဖြည်း ဝေးကျန်ခဲ့တယ်။
ကျွန်းကြီးဟာ တောင်ထိပ်မီးခိုးတွေ တဝေေ၀နဲ့။
ကျွန်းပေါ်က ခေါင်းဆောင်တွေကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ မျိုးချစ်တရားတွေကို ဟောနေဆဲပါပဲ။
ချိုတူးဇော်
့ (မှတ်မှတ်ရရ အဲဒီဝတ္ထုကို ကိုဒတ္ထကြီး ခေါ် ကိုအောင်ဒင် ကို ပေးဖတ်ဖူးတယ်။ မြို့ထဲက ဘားလမ်း မွတ်စလင်ဆေးရုံအောက် လဘက်ရည်ဆိုင်မှာလား၊ ကျောင်းက ကိုအောင်မြင့် ကန်တင်းဆိုင်မှာလား မမှတ်မိတော့)
credit//
Aung Zaw Min
No comments:
Post a Comment