့"နာကျင်စေမှုများအကြောင်း"
လူတွေ တစ်ဦးနဲ့တစ်ဦး ထိတွေ့ ဆက်ခံကြရာက အဆင်မပြေတဲ့အခါ ခိုက်ရန်ဖြစ်ပွားတတ်ပါတယ်။ တစ်ဦးက တစ်ဦးကို သတ်ပုတ်၊ ရိုက်နှက်၊ ထိုးခုတ်တာတွေ လုပ်တတ်ပါတယ်။ ဒီအခါမှာ နာကျင်မှု ဝေဒနာကို ခံစားရပါတယ်။ ကိုယ့်ဘာသာကိုယ် ချော်လဲ၊ ဒူးပြဲတာ၊ ခြေစွယ်ငုတ် ခလုတ်တိုက်မိတာတို့၊ ဓားရှ၊ အပ်စူး၊ ခွေးကိုက်ခံရဖူးတာတွေဟာလည်း နာကျင်မှုတွေပါပဲ။
ကနေ့တော့ ကိုယ်အင်္ဂါ နာကျင်မှုတွေအကြောင်း တင်ပြပါမယ်။
ဥပဒေအရ “နစ်နာတယ်”ဆိုတာ ကိုယ်၊ စိတ်၊ ဂုဏ်သရေနဲ့ ပစ္စည်းကို ဥပဒေနှင့်မညီတဲ့ ထိခိုက်စေမှုလို့ ခေါ်ပါတယ်။
နာကျင်တယ်၊ နာတယ် ဆိုတာ ဘာလဲ။ (ပုဒ်မ - ၃၁၉)
လူတစ်ဦးတစ်ယောက်ကို ကိုယ်အင်္ဂါနာကျင်အောင်လုပ်ရင် ထိုသူကို အနာရောဂါစွဲကပ်အောင်လုပ်ရင်၊ ချည့်နဲ့အောင် လုပ်ရင် ထိုသူကို နာကျင်စေတယ်လို့ ခေါ်ပါတယ်။ (အတိုမှတ် - နာတယ်ဆိုတာ - နာ၊ စွဲ၊ ချည့်)
ကိုယ်အင်္ဂါဆိုတာ ခေါင်းဖျားကနေ ခြေဖျားအထိ အင်္ဂါတွေကို ခေါ်ပါတယ်။ စိတ်၊ ဂုဏ်သရေနဲ့ ပစ္စည်း ထိပါးနာကျင် စေတာ မပါဝင်ပါဘူး။ နာကျင်မှု ပမာဏဟာ အပ်ဖျားလေး စူးတာကနေ ရင်ဝလှံစူးတာထိ အကြီးအကျယ် နာတာလည်း ပါဝင်တယ်။
အနာရောဂါ စွဲကပ်စေတာလည်း နာကျင်စေမှု ဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီပိုး၊ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါကူးအောင် လုပ်တာလည်းပါတယ်။ စွဲလမ်းတမ်းတအောင် လက်ဖက်ရည်၊ အရက်၊ ဘိန်းဖြူစွဲအောင် လုပ်တာတွေ မပါဝင်ဘူး။
ချည့်နဲ့အောင်လုပ်တယ်ဆိုတာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ အလုပ်မလုပ်နိုင် အောင် ပြုတာကို ခေါ်တယ်။ စကားမပြောနိုင်၊ ခြေလက်အကြောသေ၊ မလှုပ်နိုင်၊ သတိလစ်၊ မေ့လျော့အောင်၊ မေ့ဆေး၊ ထုံဆေး၊ ဘိန်း၊ စိတ်ကြွရူးသွပ်ဆေး၊ အရက် စသည်တို့နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။
နာကျင်တဲ့ ပမာဏကို လိုက်ပြီး သာမန်နာကျင်စေမှု၊ အပြင်းအထန် နာကျင်စေမှုဆိုပြီး ခွဲခြားထားတယ်။ အောက်မှာ ဖော်ပြထားတဲ့ (၈)မျိုးကို အပြင်းအထန် နာကျင်စေမှု ခေါ်တယ်။ ကျန်တာ သာမန်နာကျင်စေမှု ဖြစ်တယ်။
နာကျင်စေမှု ပြုလုပ်လျှင် ထောင်ဒဏ်တစ်လမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျနိုင်ပါတယ်။
အပြင်းအထန် နာကျင်စေမှု (၈)မျိုး
၁။ လူကိုသင်းကွပ်ခြင်း။ ယောက်ျားကို သင်းကွပ်တာကို ဆိုလိုပါတယ်။ ဝှေးစေ့ကို ညှစ်ရင်၊ တုတ်၊ ကြိုးခွေနဲ့ ရိုက်ရင်ယောက်ျားဘဝ လူညွှန့်တုံးနိုင်ရုံသာမက သေပင်သေနိုင်ပါတယ်။ အမှုတစ်ခုမှာ ဇနီးဖြစ်သူက အိပ်ပျော်နေတဲ့ လင်ရဲ့ လိင်အင်္ဂါကို “ဒါ ရှိရင်ပြဿနာရှိနေမှာပဲ” ဆိုပြီး ဓားနဲ့လှီးဖြတ်တဲ့အမှုဟာ အပြင်းအထန် နာကျင်စေမှု မြောက်တယ်။
၂။ မျက်စိတစ်ဖက်ဖက်ကို အမြဲမမြင်အောင်ပြုခြင်း။ မျက်စိအဆုံး၊ နားအရှုံး ဆိုတဲ့ စကားတိုင်း၊ ဘယ်လိုနည်းနဲ့ ပြုပြု၊ မျက်စိကန်းရင် အပြင်းအထန် နာကျင်စေမှု ဖြစ်တယ်။
၃။ နားတစ်ဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း။ နားအုံ၊ နားရွက်ကို လက်သီးနဲ့ထိုး။ တုတ်နဲ့ရိုက်၊ နားထဲတုတ်နဲ့ ထိုး၊ မီးသတ်ပိုက်နဲ့ထိုး၊ အရည်လောင်းထည့်လို့ နားကန်းရင် အပြင်းအထန် နာကျင်စေမှုဖြစ်တယ်။
၎။ ကိုယ်အင်္ဂါ အဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း။ ခြေဆစ်၊ ဒူးဆစ်၊ လက်မောင်းဆစ်၊ လက်ချောင်းအဆစ်ကျိုးပဲ့အောင် ပြုတာမျိုး ဖြစ်တယ်။
၅။ ကိုယ်အင်္ဂါအဆစ်အမျက်တစ်ခုရဲ့အင်အားကို ဖျက်ဆီးခြင်း၊ အမြဲချိုတဲ့အောင်ပြုခြင်း။ လူစဉ်မမီ၊ ချည့်နဲ့၊ အရုပ်ကျိုးပြတ်၊ အကြောသေအောင်ပြုခြင်း ဖြစ်တယ်။
၆။ ဦးခေါင်းကိုဖြစ်စေ၊ မျက်နှာကိုဖြစ်စေ အမြဲရုပ်ဆင်းပျက်အောင်ပြုခြင်း၊ မျက်နှာအမာရွတ်ကြီးဖြစ်အောင် လုပ်တာ၊ နားရွက်၊ နှာခေါင်းဖြတ်ခံရတာမျိုးဟာ လူ့ကြံ့ခိုင်ရေးကို မထိပေမယ့် ရုပ်ပျက်ဆင်းပျက်၊ လူချင်းမတူ ဖြစ်သွားရတယ်။
၇။ အရိုးဖြစ်စေ၊ သွားကိုဖြစ်စေ ကျိုးအက်ကွဲအောင်၊ တိမ်းလွဲအောင်ပြုခြင်း။ အရိုးကျိုး၊ အက်၊ ကွဲသွားတာ၊ သွားကျိုးပဲ့နဲ့ သွားတာမျိုးဖြစ်တယ်။
၈။ အသက်အန္တရာယ်ဖြစ်အောင်၊ ရက်ပေါင်း(၂ဝ)ကိုယ်အင်္ဂါနာကျင်အောင်၊ ရက်ပေါင်း(၂ဝ) လုပ်ဆောင်မြဲအလုပ် မလုပ်နိုင်အောင် နာကျင်စေခြင်း။
(အတိုမှတ် - သင်းကွပ်၊ မျက်ကွယ်၊ နားဝယ်မကြား၊ အဆစ်ခါးကျိုး၊ တစ်မျိုးချည့်နဲ့၊ ပဲ့သည့်ဦးခေါင်း၊ သွားမကောင်း၊ ရက်ပေါင်းနှစ်ဆယ် ဆေးရုံဝယ်)
နာကျင်စေမှုအတွက် ပြစ်ဒဏ်များ
• ပုဒ်မ - ၃၂၃ သာမန်လက်နက်နှင့် သာမန်နာကျင်စေမှု (၁)နှစ်/၁ဝဝဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၃၄ ရုတ်တရက်ဒေါသအကြီးအကျယ်ထွက်အောင်ပြုသူအား သာမန်နာကျင်စေမှု(၁)လ/၅ဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၃၅ ထိုပြုသူအား အပြင်းအထန် နာကျင်စေမှု (၄)နှစ်/၂ဝဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၂၅ သာမန်လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု (၇)နှစ် + ငွေဒဏ်
• ပုဒ်မ - ၃၂၄ ပစ်ခတ်ရန် ထိုး၊ ခုတ်၊ ဖြတ်ရန် ကိရိယာ၊ သေစေတန်ရာသော ကိရိယာ၊ အဆိပ်၊ စားလောင်စေသော၊ ပေါက်ကွဲစေသော ကိရိယာ၊ မျိုချ၊ ရှုရှိုက်၊ သွေးထဲရောက်လျှင် အန္တရာယ်ဖြစ်စေသော အရာဝတ္ထု၊ တိရစ္တာန် တစ်ကောင်ကောင် စတဲ့ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု (၃)နှစ်၊ ငွေဒဏ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၂၆ ပုဒ်မ ၃၂၄ ပါ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု တစ်သက်တစ်ကျွန်း၊ (၁ဝ) နှစ်၊ ငွေဒဏ်
ကိုဖြူ။ ။ ဘေးဖြစ်စေတတ်တဲ့ လက်နက်ဆိုတာ နည်းနည်းရှင်းပြပါဆရာ။
ယူတီကေ။ ။ (က) ပစ်ခတ်ရန်ဆိုတာ သေနတ်၊ ခြောက်လုံးပြူး၊ မြား၊ ဒူးလေး။
(ခ) ထိုး၊ ခုတ်၊ ဖြတ်ရန်ဆိုတာ ဓားမြှောင်၊ လှံစွပ်၊ လှံ၊ မှိန်း၊ ဝါးချွန်၊ သားလှီးဓား၊ ပုဆိန်၊ ရဲဒင်း၊ ခဲတံချွန်တဲ့ဓား၊ ချွန်ထက်တဲ့ သစ်သား။
(ဂ) သေစေတန်ရာသော ကိရိယာဆိုတာ တူ၊ သံတူရွင်း၊ ကုလားအော်၊ ဇာဝီတပ်ထားတဲ့၊ သံကွပ်ထားတဲ့ တုတ်။
(ဃ) မီးပူရှိန်ရှိတဲ့ ကိရိယာဆိုတာ မီးရဲနေတဲ့ သံချောင်းနဲ့ကပ်တာ၊ ရေနွေးပူနဲ့ပက်တာ။
(င) အဆိပ်၊ စားလောင်နေစတဲ့ ကိရိယာဆိုတာ ပိုးသတ်ဆေး၊ အက်စစ်ရေ၊ မီးဗုံးပါတဲ့ဗုံး။
(စ) တိရိစ္ဆာန်ဆိုတာ ခွေးနဲ့ ရှူးတိုက်တာ၊ အကိုက်ခံရတာ။
နာကျင်စေမှုတွေကို လေ့လာတဲ့အခါ ရရှိသွားတဲ့ ဒဏ်ရာဟာ သာမန်နာကျင်စေမှုလား။ အပြင်းအထန်နာကျင်စေမှုလား ဆိုတာကို ပထမစိစစ်ရပါတယ်။ နောက်ပြီးတော့ တရားခံအသုံးပြုတဲ့ လက်နက်ဟာ သာမန်လက်နက်လား (လက်သီးနဲ့ထိုး၊ ကြိမ်လုံးနဲ့ရိုက်၊ ပေတံနဲ့ရိုက်၊ ခဲနဲ့ပေါက်၊ ဖိနပ်နဲရိုက်၊ ခြေနဲ့ကန်) သို့မဟုတ် ဘေးဖြစ်စေတတ်တဲ့ လက်နက်နဲ့ ပြုတာလား စိစစ်ရပါတယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ ပုဒ်မ၊ ပြစ်ဒဏ်အနည်းအများ ကွာခြားသွားပါတယ်။
အောက်ပါနာကျင်စေမှုတွေဟာ ဘယ်လိုအပြစ်ရှိပါသလဲ။
၁။ နမ်းချင်ယောင်ဆောင်ပြီး နှုတ်ခမ်း၊ နှာခေါင်း၊ နားရွက်ကိုက်ဖြတ်။
၂။ ဆံပင်ကို လက်နဲ့ ဆွဲဆောင့် (ပုဒ်မ-၃၂၃)
၃။ မျက်နှာ တံတွေးနဲ့ထွေး
၎။ နားရွက်တံတွေးနဲ့ဆွတ်
၅။ ဓာတ်ဆီနဲ့ပက်၊ မီးရှို့၊ မသေ
၆။ မီးခိုးဗုံးနဲ့ပစ်၊ မီးလောင်၊ မသေ
၇။ စိတ်နာအောင်လုပ် (တရားမမှု)
၈။ အသည်းနာအောင်လုပ် (တရားမမှု)
၉။ ရင်နာအောင်လုပ် (တရားမမှု)
၁ဝ။ ဖင်နာအောင်လုပ် (ပုဒ်မ - ၃၇၇၊ တစ်သက်တစ်ကျွန်း၊ အာမခံမရ၊ နာမည်ပျက်)
၁၁။ မျက်နှာပျက်အောင်လုပ် (တရားမမှု)
၁၂။ တပည့်တင်ပါးကို ဆရာမက ပေတံနဲ့ရိုက်ဆုံးမ (အပြစ်မရှိ - မောင်ဘသောင်းအမှု)
၁၃။ တပည့်ခေါင်းကို ဆရာက ဒေါသတကြီး ဝါးဆစ်ပိတ်တုတ်နဲ့ရိုက်၊ ဆေးရုံတင်ရ (ပုဒ်မ-၃၂၅)(မောင်ခွေး အမှု)
၁၄။ လူအများက တစ်ဦးကို တုတ်နဲ့ဝိုင်းရိုက်၊ သေ (ရိုက်သူအားလုံး - ပုဒ်မ-၃၂၅)
၁၅။ လူအများက တစ်ဦးကို ဓားနဲ့ဝိုင်းခုတ်၊ သေ (ခုတ်သူအားလုံး - ပုဒ်မ - ၃၂၆)
၁၆။ အေ ထင်ပြီး ရိုက်၊ ဘီ ဖြစ်နေ၊ လူမှားရိုက်မိ (ပုဒ်မ-၃၂၃/၃၂၅)
၁၇။ ထီးနဲ့ရိုက်၊ နားရွက်ပြတ်သွား (ပုဒ်မ-၃၂၅ - ထီးသည် ဘေးလက်နက်မဟုတ်)
၁၈။ လင်မယားရန်ဖြစ်၊ ကလေးချီထားတဲ့မိန်းမကို လက်သီးနဲ့ထိုး၊ ကလေးထိုးမိ၊ ကလေးသေ(ပုဒ်မ-၃၂၅)
၁၉။ ရန်ဖြစ်၊ ခဲနဲ့ထု၊ နောက်ကျောမှန်၊ အသည်းကွဲသေ (ပုဒ်မ-၃၂၅)
၂ဝ။ မိခင်ကို ပထွေးက ဆေးလိပ်မီးနဲ့ထိုး၊ သမီးက ပထွေးကို ဓားနဲ့တစ်ချက်ခုတ် (အပြစ်မရှိ၊ ကာကွယ်ခုခံပိုင်ခွင့်အရ ပြုခြင်း ဖြစ်သည်။)(မစန်းစန်းမြင့် - ခ- မတင်မြင့် စီရင်ထုံး - ၁၉၆၆)
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
No comments:
Post a Comment