အလဲဗင်းဆိုတာ ကျနော်တို့ကို အတော်ပုတ်ခတ်ရေးသားခဲ့တဲ့ ဂျာနယ်ပါ။
ဒါပေမယ့် အလဲဗင်းမီဒီယာ စီအီးအိုကို ကုန်းသီးနဲ့တေ့ပစ်ခံရတဲ့ကိစ္စ ကိုကြားတော့ မခံမရပ်နိုင်ဖြစ်မိပါတယ်။
ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်အတွက် ပြတ်ပြတ်သားသားရှုတ်ချပါတယ်။
ခဲနဲ့ပစ်တာ ကုန်းသီးနဲ့ပစ်တာကို ပြစ်မှုပုဒ်မ ၃၃၆ တို့ ၄၂၇ တို့နဲ့ အရေးယူထားတယ်ကြားလို့ အချို့ မခံမရပ်နိုင်ဖြစ်နေတာလည်း လိုင်းပေါ်မှာတွေ့နေရပါတယ်။
ဥပဒေအချက်အလက်ပိုင်းဆိုင်ရာ လေးတွေကို ကျနော် နည်းနည်းရှင်းပြချင်ပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၆ ဆိုတာက အခြားသူ၏ အသက် သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု လို့ ခေါင်းစဉ်တပ်ထားပါတယ်။
၃၃၆ ပုဒ်မမြောက်ဖို့
့(၁) တရားခံ က ပြုလုပ်မှုတစ်ခုခုကို ပြုရမယ်
့(၂) ထိုပြုလုပ်မှုကို အရမ်းသော်လည်းကောင်း ပေါ့လျော့စွာသော်လည်းကောင်း ပြုတာဖြစ်ရမယ်
့(၃) အဲသည်ပြုလုပ်မှုဟာ လူ့အသက် သို့မဟုတ် လုံခြုံရေးကို ဘေးအန္တရာယ်ကို ဖြစ်စေနိုင်ခြင်း
သာမန်ကာလျှံကာဖတ်ရင်တော့ စက်ဘီးကုံးသီးနဲ့ပစ်တာ ဒီဥပဒေနဲ့ဝင်တယ်လို့ထင်ရမယ်။
တရားခံက ဒီပြုလုပ်မှုကို အရမ်းသို့မဟုတ် ပေါ့လျော့စွာပြုတာလား တမင်ကို အကြံအစည် အစီအစဉ်နဲ့ပြုတာလား ကြည့်ရပါမယ်။
နောက်တစ်ခုက သူ့ပြုလုပ်ချက်ဟာ အသက် သို့မဟုတ် လုံခြုံရေးကို ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့လုပ်ရပ်ဆိုတာက သူရမ်းသမ်းဟိုပစ်ဒီပစ်လုပ်တယ် ဒါပေမယ့် လူထူတဲ့နေရာမို့ တစ်ယောက်ယောက် ခေါင်းကို ထိသွားနိုင်တယ် သေတောင်သွားနိုင်တယ် ဆိုတဲ့ကိစ္စမျိုးကိုပြောတာပါ။
ရှင်းပြရရင် ပစ်တဲ့သူက ရမ်းသမ်းပစ်တာ တစ်ယောက်ယောက်ကို သေအောင် နာအောင် အကြံတော့မပါဘူး သိလည်းမသိဘူး တရားခံကမသိဘူးဆိုပေမယ့်လို့ အခြားသူတွေအတွက် အန္တရာယ်များတဲ့ လုပ်ရပ်မျိုးကိုဆိုလိုတာပါ။
ဒီပုဒ်မနဲ့ပတ်သက်တဲ့စီရင်ထုံးအများအပြားမှာတော့ မူးမူးနဲ့အရက်ပုလင်းနဲ့ အိမ်ထဲကိုပေါက်ထည့်လိုက်တာ၊ လူအုပ်ထဲ ခဲနဲ့ပစ်ထည့်လိုက်တာတို့၊ ခဲဖိုးတောင်းတာမပေးလို့ မင်္ဂလာဆောင်အိမ်ကို ညဖက် ခဲနဲ့ထုတာတို့ပါ။
အသက်ကိုသေအောင် အသက်ကိုဘေးအန္တရာယ်ရောက်အောင် သိသိကြီးနဲ့ တမင်ပစ်တာဆိုရင် အခြားပုဒ်မတွေ ရှိပါသေးတယ်။
လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇ရှိပါတယ်။
၃၀၇ မြောက်ဖို့က
့(၁) လူတစ်ဦးအား သေစေရန်အားထုတ်ခြင်းပြုရမယ်
့(၂) ယင်းသို့အားထုတ်ရန် တရားခံက ပြုရာ သေစေရန်အကြံ သေစေမည့်နာကျင်စေမှုဖြစ်ရန် အကြံ ထိုသို့အကြံရှိကြောင်း ပတ်ဝန်းကျင်အထောက်အထားရှိရမယ်။
အဲဒါက သိပ်ရှင်းပြဖို့မလိုဘူး။
ဒီပုဒ်မနဲ့ပတ်သက်လို့ စီရင်ထားတဲ့အမှုတွေက မယားက လင်ထမင်းစားတော့ အဆိပ်ခတ်တယ်။ ဆေးရုံရောက်တယ် မသေဘူး။ ဒီအမှုမျိုး။
နောက်ထပ်က တပ်ထဲသေနပ်နဲ့ပစ်ခံရတာ ကံကောင်းလို့ မသေတဲ့အမှုမျိုးတွေပါ။
ဒါဆို အပစ်ခံရတဲ့သူကိုထိသွားမှလား ဆိုတော့လည်း မဟုတ်ပါဘူး။
လူသတ်မှုကျူးလွန်ရန် အားထုတ်မှုတွင် တစ်စုံတစ်ဦးအားနာကျင်မှု ဖြစ်စေရန်မလို၊ သေစေရန် အကြံနှင့် ပြုလုပ်လျှင် ပြစ်မှုမြောက်သည် လို့ ဗိုလ်စိုးသိန်း နှင့် ပထစ(၁၉၆၆ စစ်ဖက်အယူခံ-၁) မှာ ရှင်းပြထားပါတယ်။
နောက်တစ်ခုက အဖိုးတန်ကားမှန် ကွဲသွားတဲ့ကိစ္စပါ။
အဲသည်မှာလည်း အပေါ်ကပြဿနာလိုပဲ ဆင်တူရိုးမှား နှစ်မျိုးရှိနေပါတယ်။
ပထမတစ်မျိုးက ပြစ်မှုပုဒ်မ ၄၂၇ ပါ။ အများကတော့ အကျိုးဖျက်ဆီးမှုလို့ ခေါ်ကြပါတယ်။
၄၂၇ နဲ့ ညိစွန်းဖို့က
့(၁) တရားခံသည် အများ သို့မဟုတ် လူတစ်ယောက်၏ ပစ္စည်းကို ဖျက်ဆီးတာဖြစ်ရမယ်
့(၂) တရားခံလုပ်ရပ်ကြောင့် အများ သို့မဟုတ် လူတစ်ယောက်၏ ပစ္စည်းကို ပျက်ဆီးသွားခြင်း တန်ဖိုးယုတ်လျော့သွားခြင်းဖြစ်ရမယ်
့(၃) တရားခံသည် အများ သို့မဟုတ် လူတစ်ယောက်၏ ပစ္စည်းကို ပျက်ဆီးသွားမည် တန်ဖိုးယုတ်လျော့သွားမည်ကို သိလျက်နဲ့ ပြုလုပ်တာဖြစ်ရမယ်
့(၄) မတရားသဖြင့် ဆုံးရှုံး နစ်နာ ပျက်ဆီးသွားရမယ်
ဒီပုဒ်မနဲ့ အရေးယူခဲ့တဲ့အမှုတွေကတော့ ကိုယ့်နွားတွေသူများအခင်း သွားစားတဲ့အမှု၊ လယ်အငြင်းပွားနေတဲ့အခါ သူများစိုက်ထားတဲ့ အခင်းကို ၀င်ထွန်ပစ်တာတို့ ဖျက်ဆီးပစ်တာတို့ လိုအမှုတွေ များပါတယ်။
အကျိုးဖျက်စီးမှုမှာမှ လူတစ်ယောက်ကို သေစေအောင် နာကျင်စေအောင် ပြင်ဆင်ပြီးမှအကျိုးဖျက်ဆီးတာမျိုးကိုတော့ ပုဒ်မ ၄၂၇ နဲ့ တစ်တန်းတည်း မထားပါဘူး။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၀ ဆိုတာရှိပါတယ်။
ဖော်ပြပါ ပုဒ်မ ၄၂၇ မြောက်ဖို့ လိုအပ်တဲ့အချက်တွေအပြင်
့"သေစေမှု သို့မဟုတ် နာကျင်စေမှု သို့မဟုတ် မတရားတားဆီးခံရမှု တစ်ခုခုကို ဖြစ်စေမည်ဟု ကြောက်လန့်စေပြီး ပြင်ဆင်ကာ ပြုလုပ်ခြင်း" ဆိုတဲ့အချက် ပါလာရင် ပုဒ်မ ၄၄၀ မြောက်ပါတယ်။
ပုဒ်မတွေကိုယှဉ်ကြည့်ရင် ပုဒ်မ ၃၃၆ က အာမခံပေးရမယ်။
၃၀၇ က အာမခံပေးလို့မရဘူး။
ပုဒ်မ ၄၂၇ က အာမခံပေးရမယ်။
၄၄၀ က အာမခံပေးလို့မရဘူး။
ပြစ်ဒဏ်ပိုင်းတွေမှာလည်း ၃၃၆ လိုအမှုမျိုးက တစ်နှစ်ထိထောင်ဒဏ် သို့မဟုတ် ငါးရာထိငွေဒဏ် ပြဌာန်းထားပေမယ့်
များသောအားဖြင့် ဒဏ်ရိုက်ကြတာပါ။
ပုဒ်မ ၄၂၇ လည်း အလားတူပါပဲ၊ အခြေအနေ မဆိုးရွားရင် ဒဏ်ငွေလောက်သာ ရိုက်လေ့ရှိကြပါတယ်။
၃၀၇ တို့ ၄၄၀ တို့ကတော့ ပြစ်မှုအကြီးတွေလို့ပဲ တိုတိုပြောပါရစေ။
ရဲတပ်ဖွဲ့က တရားခံတွေကို ချက်ခြင်းဖမ်းမိတယ်ဆိုတာ
အင်မတန် ချီးကျူးစရာပါ။
ပုဒ်မတွေတပ်ပြီး အရေးယူတဲ့အခါမှာလည်း
၃၀၇၊ ၄၄၀ တွေနဲ့ အရေးယူထားတယ်လို့ထင်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ (ပ)၃၀၇/၂၀၁၅ (ပ)၄၄၀/၂၀၁၅ လို့ရေးထားတာမှားနေသလားလို့ပါ။ ကျူးလွန်တဲ့အပြစ်နဲ့ ခုလိုဆီလျော်တဲ့ပုဒ်မမျိုးနဲ့ အရေးယူထားတာတွေ့ရတဲ့အတွက် တရားဥပဒေစိုးမိုးရေးအတွက် အတော်ထိရောက်တဲ့ ဆောင်ရွက်ချက်ပါပဲလို့ ရဲတပ်ဖွဲ့ကို ထပ်ချီးကျူးပါရစေ။
credit//
ဆရာ Nyo Lwin Oo
15 July 2015 at 15:53
No comments:
Post a Comment