တရားဥပဒေ ကကြီး ခခွေး - ၂
*** *** ***
မြန်မာသံတော်ဆင့် အမှုမှာ
ဒဏ်ငွေ ကျပ်ဆယ်သိန်း မဆောင်ပါက ဥပဒေတွင် မပါဝင်သော ထောင်ဒဏ်ခြောက်လ ကျခံစေဟု တရားရုံးက ပြစ်ဒဏ်ချမှတ်ကြောင်း၊ ဥပဒေတွင် ပြဌာန်းထားခြင်း မရှိသော ထောင်ဒဏ်ကို ထည့်သွင်းထားတယ်ဆိုတဲ့ သဘောနဲ့ သတင်းမီဒီယာတွေ၊ အွန်လိုင်းမျိုးချစ်တွေ ၀ိုင်းရေးနေကြတယ်။
မြန်မာ့တရားစီရင်ရေးကို ကျနော် ကြိမ်ဖန်များစွာ ဝေဖန်ခဲ့တယ်။ အမြီးအမောက် မတည့်တာတွေ၊ လာဘ်ကိစ္စတွေ၊ ဘယာဂတိတွေ စတဲ့ အမြင်မတော်တာတွေကို ရေးခဲ့ဖူးတယ်။
ဒါပေမယ့် တရားရေးဌာနကို နစ်နာပါစေဆိုတဲ့ ဆန္ဒဂတိတော့ မပါခဲ့ပါဘူး။
တရားရေးဌာနရဲ့ လုပ်ရပ် မှန်နေတာကို မှားပါတယ်လို့တော့ ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဘူး။
ယခု သံတော်ဆင့်အပေါ် ဆွဲဆိုတဲ့အမှုအပေါ် တရားသူကြီးရဲ့ ရှုမြင်ပုံကို ကျနော် ဘာမှ မပြောလိုပါဘူး။
ထုံးစံအတိုင်း သူစီရင်တာကို မကြိုက်ရင် အထက်ရုံးကို အယူခံတက်ကြပေါ့။
အခုပြောချင်တာက သူ့ရဲ့ ပြစ်ဒဏ်ချမှတ်ပုံပါ။
တရားသူကြီးဟာ မီဒီယာတွေ စွပ်စွဲသလို ဥပဒေက ခွင့်ပြုထားခြင်း မရှိသော ပြစ်ဒဏ်ကို ချမှတ်ခဲ့သလား။
ကြည့်ကြရအောင်။
မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာနဲ့ ပတ်သက်ရင် ယခင် ဗြိတိသျှတို့ လက်ထက်ကတည်းက ချမှတ်ထားတဲ့ ဥပဒေတွေ ရှိတယ်။
ဒါတွေကို မူရင်းဥပဒေသများလို့ တရားစီရင်ရေးမှာ ရည်ညွှန်းကြတယ်။ နောက်ပိုင်းမှာ ထပ်တိုးပြဌာန်းရတဲ့ ဥပဒေတွေ ရှိတယ်။
၅/ည၊ ၁၀/က-ခ၊ ၁၉၊ မူးယစ်ဆေးဝါး ဥပဒေ စသဖြင့် ခေတ်နဲ့အညီ ပြဌာန်းရတဲ့ ဥပဒေများကို နောက်တိုး ဥပဒေ (၀ါ) အထူးဥပဒေများလို့ ခေါ်ဝေါ်ကြတယ်။
အခု သံတော်ဆင့်ကို ဆွဲဆိုတဲ့ မီဒီယာ ဥပဒေဆိုတာ အလားတူ နောက်တိုး (၀ါ) အထူးဥပဒေ တစ်ခုပဲ။
အခုပြောနေတာက ဥပဒေရဲ့ တော်တည့်မှုကို ပြောနေတာ မဟုတ်ပါဘူး။
ဥပဒေပါ ပြဌာန်းချက်ကိုသာ ပြောချင်တာပါ။
မီဒီယာ ဥပဒေမှာ ဘယ်လို ပြဌာန်းထားသလဲဆိုတဲ့ အကယ်၍ တစ်စုံတစ်ဦးဟာ ထိုဥပဒေကို ချိုးဖောက်ပါက အများဆုံး ဒဏ်ငွေ ကျပ်ဆယ်သိန်း ကျခံစေရမယ်လို့ ပြဌာန်းထားတယ်။
အခုသတင်းမီဒီယာတွေ ပြောနေသလို ထောင်ဒဏ်မပါပါဘူး။
ဒါပေမယ့် ကျနော်တို့ဟာ တရားစီရင်ရေးရဲ့ လုပ်ပုံလုပ်နည်းကို နားလည်ရမယ်။
အခု မီဒီယာ ဥပဒေကို ပြဌာန်းရာမှာ မီဒီယာသမားတွေကို ထောင်မချချင်လို့ ထောင်ဒဏ်ကို ထည့်သွင်းမထားတာပါ။
ဒီမှာ မေးစရာ ရှိလာတာက အကယ်၍ သံတော်ဆင့်ဟာ သူ့ကို ချမှတ်တဲ့ ငွေဒဏ် မဆောင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
တရားစီရင်ရေးက နောက်ထပ်တစ်ချက် ထပ်ကာထားတယ်။
အကယ်၍ ပြစ်မှုကျူးလွန်သူဟာ တရားရုံးက ချမှတ်လိုက်သော ငွေဒဏ်အား မကျခံဘူးဆိုရင်၊
ထို့ပြင်
ထိုဥပဒေတွင်လည်း ထောင်ဒဏ်ကို
ထည့်သွင်း မသတ်မှတ်ထားဘူးဆိုရင်၊
မူရင်းဥပဒေပါ ပြစ်မှုဆိုင်ရာ ပုဒ်မ ၆၇ အရ ထောင်ဒဏ် ကျခံစေရမယ်လို့ ပြဌာန်းထားတယ်။
ထိုသို့ ထောင်ဒဏ် ချမှတ်ရာတွင် ငွေငါးဆယ်အထိဆို ထောင်ဒဏ် နှစ်လ၊ ငွေတစ်ရာအထိဆို ထောင်ဒဏ် လေးလ၊ ငွေတစ်ရာနဲ့ အထက်ဆိုလျှင် အများဆုံး ပြစ်ဒဏ် ထောင်ဒဏ် ခြောက်လ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတယ်။
ဒီလိုမှ မကာရင် ငွေဒဏ်မဆောင်သူကို ဘယ်လို အရေးယူလို့ ရမလဲ။
ဒါဆိုရင် သံတော်ဆင့်အမှုမှာ တရားသူကြီး ချမှတ်တဲ့ ပြစ်ဒဏ်ဟာ မီဒီယာတွေ ရေးသလို မဟုတ်ဘူးဆိုတာ ရှင်းသွားပါပြီ။
သာမန် စာဖတ်ပရိသတ် အနေနဲ့ ဒီလို ဥပဒေကြောင်းတွေကို နားလည်ဖို့ မလွယ်ပေမယ့်၊ အများပြည်သူကို မျက်စိဖွင့်ပေးမယ်ဆိုတဲ့ သတင်းမီဒီယာတွေ အနေနဲ့ တစ်ခုခုကို စွပ်စွဲရေးသားတော့မယ်ဆိုရင် ထိုအကြောင်းအရာကို ဂဃဏန အရင်သိသင့်တယ်။
မသိရင် နားလည်တတ်ကျွမ်းတဲ့ ဥပဒေ ပညာရှင်တွေကို မေးမြန်းသင့်တယ်။ အခုလို မသိဘဲ စွပ်ရွတ်ရေးသားတာဟာ မြန်မာ့တရားစီရင်ရေးကို ကူညီရာ မရောက်တဲ့အပြင် မြောက်များစွာသော စာဖတ်ပရိသတ်တွေရဲ့ ရင်ထဲ ဥပဒေနဲ့ ပတ်သက်ပြီး ဆူးတစ်ချောင်း ပိုပေါက်သွားစေနိုင်တယ်။
ထက်ထက်မိုးဦးအမှုကို နည်းနည်း ပြန်ပြောချင်တယ်။
ထက်ထက်မိုးဦးကို စွဲဆိုတဲ့ ပုဒ်မဟာ မူရင်းဥပဒေပါ နာကျင်စေမှု။
ဒီအမှုအရ ပြစ်မှုမြောက်တယ်ဆိုရင် ငွေဒဏ် ကျပ်တစ်ထောင် (သို့) ထောင်ဒဏ် (သို့) နှစ်ရပ်စလုံးလို့ ပြဌာန်းထားတယ်။
အဲဒီဥပဒေပါ ငွေဒဏ်ဟာ အခုထိ ကျပ်တစ်ထောင်ကနေ မပြင်ရသေးဘူး။ ယနေ့ခေတ်မှာ ကျပ်တစ်ထောင်ဟာ ဘာမှ မပြောပလောက်ပေမယ့် ထိုဥပဒေကို ပြဌာန်းစဉ်မှာ ကျပ်တစ်ထောင်ဟာ လူတစ်ယောက်ကို ဒေ၀ါလီ ခံသွားစေနိုင်တယ်။
ထိုအမှုကို ပြစ်ဒဏ်ချမှတ်တဲ့ တရားသူကြီးဟာ ဥပဒေပါ ကျပ်တစ်ထောင်ဟာ နည်းတယ်ဆိုပြီး သူ့သဘောနဲ့သူ ကြိုက်တဲ့ ငွေဒဏ် ချမှတ်လို့ မရဘူး။
ဒါကြောင့် ကျပ်တစ်ထောင်ဟာ နည်းတယ်ဆိုရင် ခေတ်နဲ့အညီ ငွေဒဏ်ကို ဥပဒေ ပြုခွင့်ရှိသော လွှတ်တော်က ပြင်ဆင်ရမယ်။ တရားသူကြီးတွေမှာ ဥပဒေ ပြဌာန်းပိုင်ခွင့်မရှိ။
ထက်ထက်မိုးဦးကို ထောင်ဒဏ်မချတဲ့ ကိစ္စကိုလည်း တရားသူကြီးဘက်က ဆက်စဉ်းစားကြည့်ရအောင်။ ထက်ထက်မိုးဦးဟာ နိုင်ငံသိ မင်းသမီးတစ်လက်။
ဒီမင်းသမီးကို ငွေဒဏ်ချမှတ်ကတည်းက သူဟာ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံပြီး ဖြစ်တယ်။ မင်းသမီးတစ်ယောက်အတွက် ပြစ်မှုတစ်ခု ကျူးလွန်တယ်ဆိုတာ နည်းတဲ့ အမည်းစက် မဟုတ်ဘူး။ ဒါကြောင့် သူ့အတွက် ငွေဒဏ်ဟာ လုံလောက်တဲ့ ပြစ်ဒဏ်လို့ ယူဆလိမ့်မယ်။
အကယ်၍ ထက်ထက်မိုးဦး နေရာမှာ လူမသိ သူမသိ လူတစ်ယောက်ဆိုရင် ငွေဒဏ် ကျပ်တစ်ထောင်ဟာ လုံလောက်ချင်မှ လုံလောက်လိမ့်မယ်။ ဒီအခါ ထောင်ဒဏ်ကိုပါ ထည့်သွင်းစဉ်းစားချင် စဉ်းစားရလိမ့်မယ်။
အမှုကျူးလွန်သူရဲ့ အခြေအနေပေါ် မူတည်ပြီး တရားသူကြီး တစ်ယောက်ဟာ စဉ်းစားလေ့ရှိတယ်ဆိုတာ ကျနော်တို့ သတိမူသင့်တယ်။
အခု မီဒီယာ ဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဌာန်းပြီး ခေတ်နဲ့အညီ ငွေဒဏ်ကို ကျပ်ဆယ်သိန်းလို့ ထည့်သွင်းခဲ့တယ်။ ဒါကြောင့် တရားသူကြီးဟာ ငွေဒဏ် ဆယ်သိန်း ချမှတ်ခဲ့တယ်။
အမှုပါ အကြောင်းအရာ၊ အချက်အလက်နဲ့ နောက်ခံကို သိပြီးမှသာ ကျနော်တို့ဟာ စီရင်ချက်တစ်ခုကို ဝေဖန်သင့်တယ်။
အမှန်တော့ တရားသူကြီးတွေ ကိုယ်တိုင် ကျနော် အခုရှင်းပြသလို အများသိအောင် ရှင်းပြသင့်တယ်။ သူတို့က နှာစေးနေတော့ ငမိုက်သားက ၀င်ပါရပြန်တာပေါ့။
ဖတ်မိတဲ့ တရားသူကြီးတွေ ကျေးဇူးတင်တယ်ဆိုရင် တွေ့တဲ့အခါ လက်ဘက်ရည်တိုက်ကြ။
credit//
Myo Minn
22 July 2015 at 17:24
post
https://m.facebook.com/story.php?story_fbid=10153522048509357&id=527914356&refid=18&_ft_&__tn__=C
No comments:
Post a Comment