Wednesday, July 29, 2015

ပါရမီထိုက်အောင် ချစ်နိုင်ကြပါစေ

မေတ္တာဆိုတဲ့ ပါဠိရဲ့အနက်ကို
ချစ်ခြင်းလို့ အနက်ပြန်ကြပါတယ် ။

အချစ်က သုံးမျိုးရှိပါတယ်။
၁။ ချစ်သူအချစ်ရယ်
၂။ မိသားစုအချစ်ရယ်
၃။ ပါရမီအချစ်ရယ်ပါ။

ချစ်သူအချစ်ဆိုတာ ယောက်ကျာင်္း မိန်းမ အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။

မိသားစုအချစ်ဆိုတာ မိဘနဲ့ သားသမီး၊ ညီနှင့်အကို၊ မောင်နဲ့နှမ စသည်တို့ မိသားစုအိမ်သားအချင်းချင်း ချစ်ကြတဲ့ သဘောပါ။

ပါရမီအချစ်ဆိုတာကတော့ သူတပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။

ပါဠိလိုပြောရင်တော့
တဏှာပေမရယ် ၊
ဂေဟသိတပေမရယ်၊ မေတ္တာပေမရယ်ပါ။

မေတ္တာပါရမီကတော့ နောက်ဆုံးအချစ်ဖြစ်တဲ့ ပါရမီအချစ်ပါ။
ပါရမီအချစ်ဟာ သူတပါးအကျိုးကို ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်ကသူ့ကို ပါရမီအချစ်နဲ့ချစ်နေရင် သူကြီးပွားစေချင်တယ်၊ တိုးတတ်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။

သူ့ဆီက ဘာအကျိုးတုံးပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါပါရမီအချစ်ရဲ့ သဘောတွေပါ။
အကြောင်းတခုခုကြောင့် သိခွင့် ခင်ခွင့် ရကြတဲ့အခါမှာ ကိုယ်ကသူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်းကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးစလုံးရဲ့ ခင်မင်မှုဟာ အစဉ်အမြဲ ခိုင်မြဲနေတော့မှာပါ။

ဒီလိုပါပဲ ။သတ္တဝါအားလုံးအပေါ် ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာဖြစ်သလို ချစ်သူအချင်းချင်း ၊ မိသားစုအချင်းချင်းမှာလည်း ပါရမီအချစ်တွေ ဒွန်တွဲနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။
ချစ်သူအချင်းချင်း ချစ်ကြတဲ့နေရာမှာ တဏှာရာဂကို အခြေခံတယ်ဆိုပေမယ့် သူကုသိုလ်ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးရမယ်။ ကိုယ်ကုသိုလ်ဖြစ်ဖို့လည်း သူက ဖန်တီးပေးနေမယ်ဆိုရင် ချစ်သူနှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိမ်မက်ထဲမှာတောင် ရှာလို့ ရနိုင်မှာမဟုတ်ပါဘူး။

ပြီးတော့ နှစ်ဦးစလုံးရဲ့ဘဝလေးဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေရုံတင်မက တရားထူးတရားမြတ်ရဖို့ အတွက်လည်း အထောက်အပံ့ ဖြစ်နေတော့မှာပါ။

အဆင်မပြေဖြစ်ကြတယ်ဆိုတာ တဏှာပေမအချစ်လောက်နဲ့ပဲ ချစ်နေကြပြီး ပါရမီအချစ်မပါကြလို့ပါ။
မိသားစုအတွင်းမှာလည်း အဆင်မပြေဖြစ်ကြတယ်ဆိုတာလည်း ပါရမီအချစ်မပါကြလို့ပါ။ ကိုယ့်မှာပါရမီအချစ်သာရှိနေရင် တဖက်က မသိလို့မှားနေဦးတော့ သူ့ကို ဒေါသမထွက်ပဲ ခွင့်လွတ်ပြီးသားဖြစ်နေတတ်ပါတယ်။

တကယ်လို့ မတရားတဲ့သဘောနဲ့ ပြန်ဖြေရှင်းလိုက်ရင် မတရားတဲ့ဆိုးကျိုးတွေပဲပြန်ဖြစ်နေတော့တာပါ။
ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေတော့တာပါ။ ဒါကြောင့် လောကကြီးငြိမ်းချမ်းဖို့ ပါရမီတွေ အများကြီးလိုအပ်ပါတယ်။

ပါရမီအချစ်နဲ့ ချစ်နိုင်ဖို့ တဦးချင်းဆီမှာတာဝန်ရှိပါတယ်။ အားလုံးအားလုံးဟာ ပါရမီအချစ်နဲ့သာချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္ထုတွေအလျင်အမြန်မတိုးတတ်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေးနေမှာပါ။

သတ္တဝါအားလုံး ပါရမီအချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်မဖြစ်နိုင်သူတွေထဲမှာ ဖြစ်နိုင်သူတယောက်ဖြစ်အောင် ကြိုးစားရပါမယ်။

ပုထုဇဉ်တွေဆိုတော့လည်း ကိလေသာတွေရှိနေသေးတာဆိုတော့ အမြဲတမ်းပါရမီအချစ်နဲ့ ချစ်နေနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ပါရမီအချစ်နဲ့ နီးလိုက်ဝေးလိုက်ဖြစ်နေမှာပါ။

ဒါပေမယ့် ကိုယ်ကနီးတဲ့သဘောလေး ဝေးတဲ့သဘောလေးကို သတိနဲ့ပြန်သိနေဖို့ပါပဲ။
ဘာပဲပြောပြော တွေ့ကြဆုံကြ အခိုက်လေးမှာ အပြန်အလှန်ကိုယ်ဆီ ပါရမီအချစ်ကလေးတွေနဲ့ ချစ်နေကြဖို့ပါပဲလေ။

ရဝေနွယ် ( အင်းမ )
့(လို တ ရ စေ ကြိုး နဲ့ ခွေ)

credit//  ရတု ရတု

https://m.facebook.com/profile.php?id=100005974750618&refid=13

No comments:

Post a Comment