Tuesday, July 28, 2015

အမှုပုံစံများ

အမှုပုံစံ (Form of suit)
xxxxxxxxxxxxxxxxx
အမှုပုံစံလွဲမှားသဖြင့် အမှုရှုံးခြင်းများရှိသလို၊ တရားပြိုင်ဘက်ကလည်း အမှုပုံစံလွဲမှားကြောင်း အမှုအနိုင်ရရေးအတွက်ထုချေတတ်ပါသည်။
---
အမှုပုံစံဆိုတာ
xxxxxxxxxxx
အမှုပုံစံသည် တရားလို၊ တရားပြိုင်တို့ရဲ့အနေအထားနဲ့ အရေးဆိုရမဲ့ ပစ္စည်း အမျိုးအစား (ရှိရင်) ကို စိစစ်ပြီး တရားလိုရလိုတဲ့ သက်သာခွင့်ကို အရေးဆိုဖို့၊ ဘယ်ပုံဘယ်နည်းနဲ့ တရားစွဲဆို ရမယ်ဆိုတာ ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၁)
----
အမှုပုံစံမှန်မမှန် စီစစ်ရမည့်နည်းလမ်း
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမှုတစ်မှုကို တရားလိုစွဲဆိုသော ပုံစံအတိုင်း စွဲဆိုနိုင်ခြင်းရှိမရှိမှာ အဆိုအချေတို့အရ ဆုံးဖြတ်ရမည့် ပြဿ နာ ဖြစ်သည်။ စွဲဆိုသောအမှုပုံစံမှန်ကန်ခြင်းရှိမရှိမှာ သက်သေခံချက် ရယူပြီးမှဆုံးဖြတ်ရမည့်ပြဿ နာမဟုတ်ချေ။
ဒေါ်ဌေးဌေးရင် နှင့် ဦးကျော်ဇော ပါ-၄ (၁၉၈၇ ၊ မတစ၊ စာ - ၂၇)
အမှုပုံစံ မှန်မမှန်စိစစ်ရာ၌ တရားလို၏အဆိုလွှာတွင် အဆိုပြုထားသည့် အချက်များကို စွဲဆိုသည့်အမှု အမျိုးအစားအလိုက် ညီညွတ်ပြည့်စုံရန် လိုအပ်သည့် အင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိမရှိကို စိစစ်ရသည်။
ထိုသို့ စိစစ်ရာ၌ ချေလွှာတွင် ၀န်ခံထားသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။
ထို့ကြောင့် အမှု ပုံစံ မှန်ကန်ခြင်းရှိမရှိကို အဆိုအချေများအရ ဆုံးဖြတ်သည်ဆိုရာတွင် အဆိုလွှာ နှင့် ၀န်ခံထားသည့် ချေလွှာတို့ကို ရည်ညွန်းခြင်းဖြစ်သည်။
ဒေါ်ခင်မြင့် နှင့် ဒေါ်မြင့်မြင့် ပါ -၇ (၁၉၉၆၊ မတစ၊ စာ-၅)
------
အမှုပုံစံမှားတယ်ဆိုတာ
Xxxxxxxxxxxxxxxxxx
အမှုပုံစံမှားတယ်ဆိုတာဟာ တရားပြိုင်ကို အိမ်ငှားလို့အဆိုပြုပြီး ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(က) မှ (စ) ပါ ကိစ္စတစ်ရပ်ရပ်အရ မဟုတ်ပဲ အခြားကိစ္စရပ်အရ နှင် တာမျိုး၊ အမွေပစ္စည်းကို ခွဲဝေပေးစေလိုမှုနဲ့ စွဲဆိုတာမျိုး၊ အမွေပစ္စည်းအပါအ၀င် ပူးတွဲပိုင်တဲ့ပစ္စည်းကို လက် ရောက်ရလိုကြောင်း စွဲဆိုတာမျိုး အစရှိသည်တို့ဖြစ်ပါတယ်။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၁၁)
အမှုပုံစံ မှန်မမှန်အဓိကအားဖြင့် အဆိုအရ ဆုံးဖြတ်ရန်ဖြစ်ပါတယ်။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၁၂)
သို့သော် တစ်ခါတစ်ရံ တရားလိုက အချက်အလက်ပြည့်ပြည့်စုံစုံ အဆိုမပြုပဲ တရားပြိုင်က အချက်အလက် အသစ်များဖော်ထုတ်ပြီး အမှုပုံစံ မမှန်ဟုထုချေတတ်ပါသည်။
ဒီကိစ္စမှာ တရားပြိုင် ထုချေတဲ့အချက်အသစ် များနှင့် စပ်လျဉ်းပြီး တရားမကျင့်ထုံး အမိန့် -၈၊ နည်း-၉ အရ တရားလိုကို ဖြေကြားစေရာမှာ တရားလိုက ချေလွှာပါ အချက်တွေကိုဝန်ခံရင် အမှုပုံစံ မှန်မမှန်ကိစ္စကို ပဏာမ ငြင်းချက်အဖြစ် သတ်မှတ်ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။
ဥပမာ- တရားလိုက တရားပြိုင်အပေါ် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် နှင်လိုမှုစွဲဆိုရာမှာ တရားပြိုင်က အိမ်ငှားဖြစ်တဲ့အကြောင်း ထုချေပြီး အမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့ ၊ တရားလိုက အမိန့် -၈၊ နည်း ၉ အရ ပြန်ကြားရာမှာ တရားပြိုင်က တစ်ချိန်က အိမ်ငှားဖြစ်ခဲ့ပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဆက်လက်နေခြင်းဖြစ်တယ်ဆိုရင် အမှုပုံစံမမှန်စရာ အကြောင်းမရှိပါဘူး။
အခွင့်အမိန့်အရ နေထိုင်သူ ဟုတ်မဟုတ် ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရ နေထိုင်ကြောင်း မပေါ်လွင်ပဲ အိမ်ရှင် အိမ်ငှား ဆက်သွယ်မှု မပြတ်စဲသေးကြောင်းတွေ့ရလို့ တရားလိုရဲ့ အမှုကို ပလပ်ခြင်း ဟာအမှုပုံစံ မမှန်လို့
မဟုတ်ပါဘူး၊
တရားလိုအဆိုပြုတဲ့အတိုင်း အခွင့်အမိန့်အရ နေထိုင်သူဖြစ်ကြောင်း မထင်ရှားတဲ့အတွက် အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ ဒီဥပဒေသဘောကိုပဲ 1987 B.L.R 27 အမှု စာမျက်နှာ ၂၉ မှာရှင်းပြထားပါတယ်။
အမှုပုံစံမှားတယ်ဆိုတာက တရားလိုကိုယ်တိုင်က ၀န်ခံတဲ့၊ တရားပြိုင်ရဲ့ အနေအထားနဲ့ ဆန့်ကျင်တဲ့ သက်သာခွင်ကို တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။
ဥပမာ- အချင်းဖြစ်မြေကို တရားပြိုင်ထံ အခိုင်အမာ ပေါင်ထားကြောင်း အဆိုပြုပြီး လက်ရောက်ရလိုမှု စွဲဆိုတာမျိုးဖြစ်ပါတယ်။ တရားပြိုင်က တရားဝင်အပေါင်ခံသူလို့ ၀န်ခံရင် အပေါင်မှုစွဲဆိုမှသာ အမှုပုံစံမှန်ပါလိမ့်မယ်။
အချင်းဖြစ်ပစ္စည်းဟာ တရားလိုတစ်ဦးတည်း အမွေရတဲ့ပစ္စည်းပါလို့ အဆိုပြုပြီး သူတစ်စိမ်း တစ်ဦးတည်းအပေါ် အမွေစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုတာဟာ အမှုပုံစံမှားတာပဲ။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၁၃)
----
အမှုပုံစံမှားသည့်သာဓကများ။
Xxxxxxxxxxxxxxxxxxx
တရားပြိုင်သည် အိမ်ငှားဖြစ်ပါလျက်နဲ့ အချင်းဖြစ်အိမ်ကို လက်ရောက်ရလိုမှုစွဲဆိုခြင်း၊
ဒေါ်ကျင်အေး ပါ၂ နှင့် ဒေါ်ဖြူ (၁၉၉၄၊ မတစ၊ စာ-၁၄)
(မြို့ပြဒေသရှိအိမ်ငှားကို ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(က) မှ (စ) ပါ ကိစ္စတစ်ရပ်ရပ်အရ မဟုတ်ဘဲ လက်ရောက်ရလိုမှုစွဲဆိုရင် အမှုပုံစံမှားပါတယ်။ )
အငှားစာချုပ် ကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်သူ အိမ်ငှားကို ကျူးကျော်သူအဖြစ် တရားစွဲဆိုခြင်း။
အက်(စ်)ဟူစိန် နှင့် ဟာဖက်ကာစင်ချန်နီးယား (၁၉၇၇၊ မတစ၊ စာ-၆၃)
အိမ်ရှင်သည် အိမ်ငှားအား ငှားရမ်းခြင်းရပ်စဲ၍ ကျူးကျော်သူအဖြစ်နှင်ထုတ်ခြင်း။
ဒေါ်ခင်သစ် နှင့် ရမ်းဘာလတ် ပါ ၇ ဦး (၁၉၈၃၊ မတစ၊စာ-၈၇)
အခွင့်အမိန့်အရ နေထိုင်သည့်တိုင်အောင် ပုဒ်မ ၁၃(၁)အရ အိမ်ငှား ဖြစ်သွားသည်နှင့်
တပြိုင်နက် အခွင့်အမိန့်အရ နေသူများ မဟုတ်ကြတော့သည်ကို အခွင့်အမိန့်အရနေထိုင်သူ အား နှင်လိုမှုစွဲဆိုခြင်း။
ဦးမောင်မောင် ပါ ၂ နှင့် ဦးလှဖေ ပါ -၂( ၁၉၉၁၊မတစ၊ စာ - ၁၀၇)
မိဘအမွေဆိုင်တစ်ဦးအနေဖြင့် နေထိုင်သူကို အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်ထုတ်ခြင်း။
ဒေါ်ခင်စိန်ပါ၂ နှင့် ဒေါ်ခင်အေးမြင့် (၁၉၈၃၊ မတစ၊ စာ-၁၄ )
မြန်မာဗုဒ္ဓဘာသာ အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းနှင့်စပ်လျဉ်း၍ အခြားအမွေဆိုင်အပေါ် အမွေစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုရမည့်အစား ပစ္စည်းလက်ရောက်ရလိုမှု စွဲဆိုခြင်း။
ဒေါက်တာမိုးဇော် နှင့် ဒေါက်တာမျိုးသန်း (၁၉၈၂၊ မတစ၊ စာ-၄၈)
မမြင့် နှင့် မနုနုကြည် (၁၉၈၆၊ မတစ၊ စာ-၁၂၁)
ဒေါ်ခင်မြင့် နှင့် ဒေါ်မြင့်မြင့် ပါ -၇ (၁၉၉၆၊ မတစ၊ စာ-၅)
အမွေဆိုင်တစ်ဦးက အမွေပစ္စည်းလက်ရှိဖြစ်သူ အမွေဆိုင်မဟုတ်သည့် သူတစ်စိမ်းအပေါ် ပစ္စည်း လက်ရောက်ရလိုမှု မစွဲဘဲ အမွေစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခြင်း။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၁၃)
စာချုပ်ကို မှတ်ပုံတင်ထားခြင်းမရှိ၍ အပေါင် အထမမြောက်လျှင် ရွေးနုတ်လိုမှု စွဲဆိုနိုင်ခြင်း မရှိချေ။ ပေါင်နှံမှု အထ မမြောက်ပါက ပေါင်နှံသူသည် ပိုင်ဆိုင်မှုကို အခြေပြု၍ လက်ရောက်ရလိုကြောင်း စွဲဆိုရန်ဖြစ်ခြင်း။
ဒေါ်ယဉ်ယဉ်မြင့် နှင့် ဒေါ်ပါလု ( ၁၉၉၁၊ မတစ၊ စာ - ၁၂၇)
အပေါင်အထမြောက်ပါလျက်နဲ့ လက်ရောက်ရလိုမှုစွဲဆိုပြန်ရင်လည်း အမှုပုံစံ လွဲမှားမှာဖြစ်ခြင်း။
(ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၄)
----
အမှုပုံစံကိစ္စကို မူလရုံးတွင် မတင်ပြခဲ့မိပါက အယူခံရုံးရောက်မှတင်ပြခွင့်ရှိခြင်း။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အယူခံတွင် တရားလို၏တရားစွဲဆိုခွင့်ကို ထိခိုက်စေမည့် ဥပဒေအချက်အလက်အသစ်ကို ပထမဆုံးအကြိမ်တင်ပြနိုင်သည်။ မောင်စံရ ပါ၂ နှင့် မောင်စံဖေ(4 Ran.500) နှင့် မောင်ပု နှင့် ဦးသာဖြေ နှင့် အခြားသူများ(၁၉၄၈. မတစ.စာ-၇၁၇)
1994 .B.L.R 14 အမှုမှာ တရားလိုဟာ အိမ်ငှားအပေါ် ရိုးရိုးလက်ရောက်ရလိုမှု စွဲဆိုခွင့်ရှိမရှိ အယူခံရုံးရောက်မှ တင်ပြထုချေနိုင်ပါတယ်။ အယူခံရုံးက လက်ခံဆုံးဖြတ်တာဟာ ဇာတ်လမ်းသစ် မဟုတ်ပါ ဘူး။ (ဦးမြ ၊ ဥပဒေအဖြာဖြာ(ပထမတွဲ) စာ-၂)
လေးစားစွာဖြင့် ။
(အထက်ပါ မှတ်စုများသည် ကျွန်တော့်၏မှတ်စုများသာဖြစ်ပါသည်။ ဆရာ၊ ဆရာမများ၏ comment များမှလည်း သင်ယူလိုလှပါသည်။)
12 October 2014 at 12:35
credit//
ဆရာ Tun Myo Htay

No comments:

Post a Comment