Wednesday, July 29, 2015

ရွေးကောက်ပွဲ လော့ဂျစ်များ (လော့ဂျစ် ၅ မျိုး)

ရွေးကောက်ပွဲ လော့ဂျစ်များ။

မြန်မာပြည်မှာ လောလောဆယ်ဆယ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့
လော့ဂျစ် (၅) မျိုးကို တွေ့ရပါတယ်။

့(လော့ဂျစ်ဆိုတာ ယုတ္တိရှိရှိတွေးခြင်းလို့ အဓိပ္ပါယ်ရတော့ ကျွန်တော်တို့ရွှေတွေရဲ့ ရွေးကောက်ပွဲကို ယုတ္တိရှိရှိတွေးကြပုံများပေါ့ဗျာ)

လော့ဂျစ်-( ၁ ) သို့မဟုတ်
သူဆင်းရဲလော့ဂျစ်

့(ဘယ်အစိုးရတက်တက် တို့နဲ့မဆိုင်ဘူး၊ ကိုယ်ရှာမှ ကိုယ်စားရမှာ)
လော့ဂျစ်တွေထဲမှာတော့ အမှန်ဆုံးလို့ ထင်ရပြီး တကယ်က အမှားဆုံးလော့ဂျစ်တစ်ခု၊

နောက် ..
အသိဥာဏ်ဆင်းရဲခြင်းကို ပြတဲ့လော့ဂျစ်တစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် သူဆင်းရဲလော့ဂျစ်လို့ နာမည်ပေးပါတယ်၊
ဆင်းရဲတဲ့သူတွေ တွေးတဲ့လော့ဂျစ်လို့ ဆိုလိုတာ မဟုတ်ပါ။
့(အမှန်က ပိုက်ဆံရှိတဲ့ကောင်တွေက ဒါမျိုးပိုတွေးတတ်တယ်။
စနစ်ရဲ့ဒဏ်ကို အခံရဆုံး အောက်ခြေလူတန်းစားက အပြောင်းအလဲကို ပိုပြီး လိုလားတယ်။ ထားပါ .. )
ကိုယ့်ထမင်း ကိုယ်ရှာစားရမှာ မှန်ပေမဲ့ အဲလို ကိုယ့်ထမင်းကို အေးအေးဆေးဆေး ရှာစားနိုင်ဖို့ တိုင်းပြည်မှာ ကောင်းမွန်ထိရောက်တဲ့ အုပ်ချုပ်ရေးရှိရပါ့မယ်။

ပြီးတော့ လူဆိုတာ ပိုက်ဆံရှာနေတာ တစ်ခုတည်းနဲ့ မပြီးဘူး။ မတော်မတရား အနိုင်ကျင့်ခံရရင်၊ အမှုအခင်းဖြစ်ရင် မျှတကောင်းမွန်တဲ့ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောာ်မှုကို ရဖို့လည်း လိုတယ်။

ကိုယ့်သားသမီးတွေအတွက် အထက်တန်းကျတဲ့ ပညာရေးလိုပါတယ်။
အဲဒါတွေအားလုံးအတွက် ကောင်းမွန်တဲ့အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။

ဒါတွေသိဖို့ နိုင်ငံရေးစာအုပ်ကြီးတွေ ဖတ်စရာမလိုပါဘူး။
ရိုးရိုးလေး တွေးကြည့်ရုံနဲ့၊ ၀န်းကျင်ကို တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ရပါတယ်။

ဘယ်အစိုးရတက်တက် ကိုယ်ရှာမှ ကိုယ်စားရမယ်ဆိုတဲ့
လော့ဂျစ်-( ၁ ) သမားတွေဟာ ..
အလုပ်လက်မဲ့တွေကို ထမင်းကျွေးထားတဲ့ အစိုးရမျိုး၊ ပညာသင်ဖို့ အားတက်သရော ထောက်ပံ့တဲ့ အစိုးရမျိုး၊ တက္ကသိုလ်တက်ဖို့ ငွေချေးပေးတဲ့အစိုးရမျိုး၊ သက်ကြီးရွယ်အိုတွေ ဘ၀နေညိုချိန်မှာ အေးချမ်းစေဖို့ ထောက်ပံ့ပေးတဲ့ အစိုးရမျိုး၊ ကိုယ့်ကို ဘယ်သူကပဲ မတရားလာလုပ်လုပ် ဥပဒေအရအပြည့်အ၀ အကာအကွယ် အကူအညီပေးတဲ့ အစိုးမျိုး .... အဲလိုအစိုးရမျိုးကို မကြုံဖူး၊ မကြားဖူးလို့ ဖြစ်ပါလိမ့်မယ်။

ဒါမှမဟုတ် .. ကိုယ့်ထမင်းကို ကိုယ့်လက်နှစ်ဖက်နဲ့ ရိုးရိုးသားသား ရှာစားလို့ မရနိုင်တဲ့ အခြေအနေမျိုး၊ ကိုယ်ပိုင်လယ်တွေကို မတရားအသိမ်းခံရပြီး ငုတ်တုတ်ထိုင် အငတ်ခံနေရတဲ့ အခြေအနေမျိုး၊ လုပ်အားကို မတရားအား ခေါင်းပုံဖြတ်ခံတာကို လည်စင်းပြီး ခံနေရတဲ့ အခြေအနေမျိုး ... တရားဥပဒေရဲ့လျစ်လျူရှုခြင်းကို ရင်ဆီးခံရတဲ့ အခြေအနေမျိုး ... အဲလိုအခြေအနေမျိုးတွေကို မကြုံဖူး၊ မကြားဖူးလို့ ဖြစ်ပါလိမ့်မယ်။

အဲလိုတွေ ကြုံခဲ့ရင် ဘယ်အစိုးရတက်တက် တို့နဲ့မဆိုင်ဘူးလို့ ပြောနိုင်ဦးမလား .. သိချင်လှပါတယ်။
သေချာတာတစ်ခုကတော့ ပတိရူပအရပ်တစ်ခု ဖြစ်လာဖို့က ကောင်းမွန်တဲ့ အစိုးရပ်တစ်ရပ်လိုပါတယ်။

ကိုယ့်သားသမီးကောင်းစားရေးအတွက် သားသမီးရဲ့အိမ်ထောင်ဘက်ကိုတောင် ရွေးချယ်ပေးချင်တဲ့ မိဘတွေအနေနဲ့ ကိုယ့်မိသားစုအတွက်၊ ကိုယ့်သားသမီးတွေအတွက်၊ သူတို့ရဲ့အနာဂတ်အတွက် .. .. ကောင်းမွန်တဲ့ အစိုးရတစ်ရပ်၊ ကောင်းမွန်တဲ့စနစ်တစ်ခုကို ဘာလို့မရွေးပေးဘဲ နေရမည်နည်း။

လော့ဂျစ်-( ၂ ) သို့မဟုတ် အားလျော့လော့ဂျစ်။

့(ရွေးကောက်ပွဲမှာ မဲပေးလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး)

ဒီလော့ဂျစ်ကတော့ မျိုးဆက်တစ်ဆက်မက ဖြစ်တည်လာတဲ့ မယုံသင်္ကာစိတ်ရဲ့ အကျိုးဆက်ပါ။

အစိုးရအနေနဲ့ အပြောင်းအလဲကို လုပ်မှလုပ်ပါ့မလား (စစ်ဗိုလ်တွေအနေနဲ့ တကယ်ရော ပြောင်းလဲချင်ပါ့လား)ဆိုတဲ့ အရင်စစ်အာဏာရှင်တွေကို မယုံဘူးဆိုတဲ့ စိတ်အခံ၊
အဲဒီကမှ ရွေးကောက်ပွဲက တရားမျှတပါ့မလား၊ တကယ်လို့ ရွေးကောက်ပွဲက တရားမျှတပြီး အတိုက်အခံတွေ နိုင်သွားတောင်မှ အတိုက်အခံတွေအနေနဲ့ ဘာမှလုပ်လို့မရနိုင်ဘူးဆိုတဲ့ အမြင်မျိုးပါ။

အေးဗျာ .. ဒီလော့ဂျစ်ကို မဲမှောင်လော့ဂျစ်လို့ နာမည်ပြောင်းလိုက်ရင် ကောင်းမယ်ထင်တယ်။့ (ကျွန်တော်တောင် ရေးရင်နဲ့ .. မှောင်သွားတယ် .... အနာဂတ်က မှောင်လှချည့်လား .. ဟူး)

ကျွန်တော်အနေနဲ့ကတော့ အဲဒီ့အမှောင်ထဲမှာ အလင်းပျပျကို ရှာချင်ပါတယ်။
အာဏာလက်ကိုင်ထားသူတွေအနေနဲ့ လက်ဆုပ်ကို မဖြေချင်ဘူးဆိုပါတော့ .. ဒါ သူတို့အပိုင်းပါ။

ဖြည်အောင်လုပ်ရမှာက ကျွန်တော်တို့အပိုင်းပါ။
့(ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးကွာ ဆိုပြီး ဘာမှမလုပ်ဘဲနေရင်  ဘာမှဖြစ်မလာဖို့က 200% သေချာပါတယ်)
ခင်ဗျားတို့စိတ်ထဲ မင်းဟာကရော ဘယ်နှစ်ရာခိုင်နှုန်းရှိလို့လဲလို့ တွေးမှာပါ။ ဟုတ်ကဲ့ .. နည်းမှာပါပဲ .. ဒါပေမဲ့ .. ကျွန်တော့်အမြင်အရ ရာခိုင်နှုန်းနည်းခြင်းများခြင်းထက် လုပ်စရာရှိတာကို လုပ်ကြည့်တဲ့သဘောပါ။

သူတို့ပေးတဲ့ အပေါက်သေးသေးလေးကို ချဲ့ကြည့်တာပါ။
ဘယ်လောက်ချဲ့နိုင်မလဲ 
ဒါ ကျွန်တော်တို့ရဲ့ညီညွှတ်မှုအပေါ်  မူတည်ပါတယ်။့ (ဘေးထိုင်တဲ့သူတွေများရင် ဒီလှည်းအိုကြီးက လှည်းအိုကြီးအတိုင်းပဲဖြစ်နေပါလိမ့်မယ်။ ရှေ့ကိုလည်း ရွေ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တင်မက နောင်မျိုးဆက်တွေပါ ဒီနွံ့နစ်နေတဲ့ လှည်းအိုကြီးပေါ်မှာ ထိုင်နေရပါလိမ့်မယ်)

ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုရင် လော့ဂျစ်-( 2 ) သမားတွေကို မေးစရာတစ်ခုပဲ ရှိပါတယ်။
မဲပေးလို့ ဘာမှထူးမလားဘူးဆိုရင် .... ဘာလုပ်ရင်ထူးလာနိုင်မည်နည်း။

နောက်ထောက်ပြစရာက မဲပေးလို့မထူးတော့ဘူး ဆိုမှ .. နောက်ဘာဆက်လုပ်မည်နည်း ဟု စဉ်းစားခြင်းက ပိုပြီးယုတ္တိရှိမည် ထင်ပါသည်။

လော့ဂျစ်-( ၃ ) သို့မဟုတ် အတ္တလော့ဂျစ်။

့(တို့ကတော့ တို့နယ်ကို ကောင်းအောင်လုပ်ပေးမယ့် အမတ်/ပါတီကိုပဲ မဲပေးမယ်)
အလွန်ကောင်းမွန်မျှတတဲ့လော့ဂျစ်လို့ မြင်လို့ရပါတယ်။
ဒါမှမဟုတ် လက်တွေ့အဆန်ဆုံး လော့ဂျစ်လို့လည်း ပြောလို့ရပါတယ်။
့(ဟုတ်တယ်လေ .. ကိုယ့်နယ်ကို ကောင်းအောင် လုပ်ပေးမယ့်သူကိုမှ မပေးရင် ဘယ်သူ့သွားပေးရမလဲ)

ဒါပေမဲ့ ဒီမှာစဉ်းစားစရာတစ်ခုက ကျွန်တော်တို့ အခြေအနေက အမေရိကန်တို့ ဗြိတိန်တို့လို စနစ်တစ်ခု ကောင်းကောင်းမွန်မွန် လည်ပတ်နေတဲ့ အနေအထားမဟုတ်ပါဘူး။

အသွင်ကူးပြောင်းနေတဲ့အဆင့်ပါ။ အသွင်ကူးပြောင်းနေတယ်ဆိုကတည်းက
ရှင်းပါတယ် ... မရောက်သေးပါဘူး။ လမ်းခုလတ်မှာပါ။ စနစ်ဆိုးကနေ စနစ်ကောင်းကို ပြောင်းဖို့ကြိုးစားနေတဲ့ကာလပါ။ ဒါကြောင့် သာမာန်အခြေအနေမှာ ကိုယ့်နယ်ကို လမ်းခင်း၊ ကျောင်းဆောက်ပေးတဲ့ ပါတီ၊ ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ ပါတီ၊ အမတ်ကို ထောက်ခံမယ်ပေါ့။

ဒါပေမဲ့ အခုလို အသွင်ကူးပြောင်းရေးကာလမှာ ကိုယ်ထောက်ခံတဲ့ပါတီက ကူးပြောင်းရေးကို ယုံကြည်လက်ခံတဲ့ပါတီလား၊ ကူးပြောင်းရေးကို လုပ်မယ့်ပါတီလား၊ ဒါမှမဟုတ် စနစ်ဟောင်းကို ဖက်တွယ်ပြီး အပြောင်းအလဲကို ဆန့်ကျင်တဲ့သူလာ့း 

အဲဒီ့အချက်ကသာ အဆုံးအဖြတ်ဖြစ်သင့်ပါတယ်။
အားနာနာနဲ့ ဆက်ပြောရရင် ဒီ့ထက်ပိုပြီး အတ္တစွဲဆန်လာတဲ့ လော့ဂျစ်ကတော့ လူစွဲ၊ ပါတီစွဲ၊ လူမျိုးစွဲတွေပါပဲ။
ငါတို့က ဘယ်သူ့ကိုပဲ ထောက်ခံမယ်၊ ဘယ်ဝါ့ကိုပဲ ထောက်ခံမယ်။
့(ဥပမာ ဦးသိန်းစိန်ကိုပဲ ထောက်ခံမယ်၊ ဒေါ်ကြီးစုကိုပဲ ထောက်ခံမယ်)
ငါတို့က ဘာပဲညာပဲ ..
ဒါကြောင့် ဟိုပါတီကိုတော့ မဲပေးလို့မဖြစ်ဘူ့း (မဲမပေးဘူး)
့(ဥပမာ ငါက စစ်သားပဲ NLD ကိုတော့ ဘယ်မဲပေးလိမ့်မလဲ .. မပေးဘူး) ငါတို့က မွန်ပဲ .. ရှမ်းပဲ .. ဒါကြောင့် မွန်ပါတီ ရှမ်းပါတီကိုပဲ မဲပေးမယ် .. အဲဒါမျိုးတွေပါ။
ဒီအပိုင်းက ပိုပြီးသိမ်မွေ့ပါတယ်။ တကယ့်လူ့အတ္တအပေါ် အခြေခံထားလို့ပါ။

့(ကျွန်တော်တို့လူမျိုးကလည်း အနတ္တစကားသာ တွင်တွင်ပြောတာ .. ရွာလယ်က ချောင်းဖြတ်စီးရင်တောင် ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကွဲသေးတာကိုး)
ဒါပေမဲ့ဗျာ .. သတိချပ်သင့်တဲ့ကိစ္စက အခုတိုက်ပွဲဟာ လူနှစ်ယောက်ရဲ့တိုက်ပွဲမဟုတ်ဘူး၊ ပါတီနှစ်ခုရဲ့တိုက်ပွဲလည်း မဟုတ်ပါဘူး။

ဒါကြောင့် ဒီလူကြီးကတော့ မဆိုးပါဘူးလို့ လုပ်လို့မရပါဘူး။့ (အဲဒီ့လူထက် သူ့ပါတီရဲ့မူက ပိုပြီးအရေးကြီးပါတယ်)
ဒါ .. ငါတို့အဖေရဲ့ပါတီပဲ၊ ငါတို့ဆရာရဲ့ပါတီပဲလို့ လုပ်နေလို့မရပါဘူး။

ငါတို့လူမျိုးပဲလို့ လုပ်နေလို့မရပါဘူး။ လူကို ကြည့်လို့မရပါဘူး၊ ပါတီကို ကြည့်လို့မရပါဘူး။
မူကိုပဲ ကြည့်ရပါလိမ့်မယ်။
လူလား .. မူလားနဲ့ ပတ်သက်လို့ ပစ္စက္ခရဲ့ အထင်ရှားဆုံးသမိုင်းကတော့ ဟောင်ကောင်ပါ။

ဟောင်ကောင်က အင်္ဂလန်အောက်မှာ အနှစ် 100 နေခဲ့ရပြီး
့(1997 ) မှာ တရုတ်လက်အောက်ကို ပြန်ရောက်ခဲ့တယ်။
ကိုယ့်မင်း ကိုယ့်ချင်း အုပ်ချုပ်ရေး ရပြီပေါ့ဗျာ။ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။
ဒါပေမဲ့ ဟောင်ကောင်သားတွေက တရုတ်ပြည်မကြီးကို တယ်မကြိုက်ကြပါဘူးတဲ့။
တရုတ်ကို မကြိုက်တာ မဟုတ်ဘူး၊ တရုတ်ယဉ်ကျေးမှုကို မကြိုက်တာမဟုတ်ဘူး၊ တရုတ်ဖြစ်ရတာကို မကြိုက်တာ မဟုတ်ဘူး။ ပြည်မကြီးရဲ့ အုပ်ချုပ်ပုံ စနစ်/မူကို မကြိုက်တာ .. ။
ဒါကို သိတဲ့ ပြည်မကြီးကလည်း တစ်ပြည်ထောင်စနစ်နှစ်မျိုးဆိုတဲ့ မူကို ချပြီး .. ဟောင်ကောင်ကို အရင်အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ မူအတိုင်း အုပ်ချုပ်ပြီး ထိန်းတယ်။
ဒါတောင် မနှစ်က ပြည်မကြီးက့ (သွေးတိုးစမ်းတဲ့အနေနဲ့) အုပ်ချုပ်ရေးမှာ ကန့်သတ်မှုတွေ စလုပ်လိုက်ရော ... အိုးး .. ပြလိုက်တဲ့ဆန္ဒတွေ .. ၀က်ဝက်ကို ကွဲရော။

unbrealla momvement လို့ နာမည်တွင်တဲ့ လှုပ်ရှားမှုကြီးဖြစ်လာခဲ့တယ်။ နောက်တော့ ပြည်မကြီးက လိုက်လျောမှုတွေ လုပ်ခဲ့ရတယ်။

့(လူတိုင်းဟာ  မျှတကောင်းမွန်တဲ့ စနစ်တစ်ခုအောက်မှာ နေချင်ကြတယ်။ ဒါပေမဲ့ အဲဒါကို မပေးချင်တဲ့ အာဏာရှင်တွေက အုပ်ချုပ်သူဆိုတာ ဖခင်ပဲ။
ဖခင်ဘယ်လိုဆိုးဆိုး တစိမ်းထက်တော့ ပိုကောင်းတယ် .. ဒီတော့ .. မင်းတို့ ကျိတ်မှိတ်သည်းခံပါဆိုတဲ့ ဘယ်လိုမှယုတ္တိမရှိတဲ့ ကျွန်စိတ်ကို ရအောင်သွင်းတယ်။ အဲလိုစိတ်မျိုးတွေဝင်လာဖို့ လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ ၀ါဒ
တစ်ခုခုကို မျက်နှာဖုံးတပ်ကြတယ်)

ပြောခဲ့ပြီးသားကိုပဲ ထပ်ပြောပါရစေ။ အခုတိုက်ပွဲဟာ လူတိုက်ပွဲ မဟုတ်ပါဘူး၊ ပါတီတိုက်ပွဲ မဟုတ်ပါဘူး၊ လူမျိုးတိုက်ပွဲ မဟုတ်ပါဘူး ..
မူတိုက်ပွဲပါ .. စနစ်တိုက်ပွဲပါ။
ဒီတိုက်ပွဲမှာ ရှုံးရင် .. ရှုံးခဲ့ရင် .... ဟုတ်ကဲ့ ....... ဒါ ကျွန်တော်တို့အားလုံးရဲ့ အရှုံးဖြစ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စနစ်နဲ့သက်ရောက်မှုက အားလုံးပေါ်မှာပါ။

ပြီးတော့ ( 88 ) က စလို့ ဘ၀ပျက်၊ နှလုံးသားပျက်၊ အနာဂတ်ပျက် ... အပျက်မျိုးစုံကို ဘ၀နဲ့ဆီးခံပြီး အာဏာရှင်စနစ်ကို ခုခံခဲ့ resistance လုပ်ခဲ့တဲ့သူတွေကို အလွန့်အလွန် အားနာဖို့ကောင်းပါတယ်။

လော့ဂျစ်-( ၄ )သို့မဟုတ် ဘုန်းကြီးလော့ဂျစ်။

့(တို့ကတော့ ဘယ်အစိုးရတက်တက်ပါ၊ ပါတီစွဲ မရှိပါဘူး၊ သာသနာကို စောင့်ရှောက်မြှင့်တင်မယ့်သူဆို တော်ပါပြီ)

သာသနာနဲ့ဆိုင်တဲ့လော့ဂျစ်ဖြစ်လို့ ဘုန်းကြီးလော့ဂျစ်လို့ ခေါင်းတပ်လိုက်ပါတယ်။
တကယ်က လူတွေလည်း အဲလိုတွေးပါတယ်။

မင်းအစိုးရဆိုတာ သာသနာကို စောင့်ရှောက်တဲ့ သာသနဒါယကာဆိုတဲ့ အမြင်ပါ။
့(ဒီအကြောင်းက အရှည်ဆုံးရေးရမှာ . ဒါပေမဲ့ ခပ်တိုတိုပဲ ရေးပါ့မယ်)

ကိုးကွယ်ယုံကြည်ရာ ... သာသနာ .. အထွဋ်အမြတ်ထားအပ်သော ထားသောအရာ .. ဒါကို စောင့်ရှောက်မယ်ဆိုတော့ သာဓု .. သာဓု .. အလွန်ကောင်းလေစွပေါ့။

စောင့်ရှောက်တာတော့ ဟုတ်ပါပြီ .. ဘယ်အပိုင်းကို ဘယ်လို စောင့်ရှောက်မည်နည်း။
ဥပမာ သံဃာတွေကို ကွမ်း ဆေး လုံလောက်အောင် ထောက်ပံ့မည်လော၊ သံဃာအရေအတွက် များပြားလာအောင် ဆောင်ရွက်မည်လော၊
သာသနိက အဆောက်အဦတွေ များလာအောင် လုပ်မည်လော၊ ဘုရားတည် ကျောင်းဆောက်မည်လော။ သို့မဟုတ် ပြည်သူပြည်သားတွေကို ဗုဒ္ဒသာသာတရားအကြောင်း ပိုသိအောင် အားထုတ်မည်လော၊
ဘာသာတရားကို ပို၍ သက်ဝင်ယုံကြည်လာအောင် လုပ်မည်လော။
ကိုယ်ကျင့်တရားတွေ ပိုမိုကောင်းမွန်အောင် လုပ်မည်လော။ သို့မဟုတ် ဥပဒေအကူအညီဖြင့် ကာကွယ်စောင့်ရှောက်မည်လော ..
့(ဥပမာ တခြားဘာသာသို့ ကူးပြောင်းလျှင် ကြီးလေးသောပြစ်ဒဏ်များ ပြဌာန်းထားခြင်း)။

မည်သို့စောက်ရှောက်မည်နည်း။
မြင်သာအောင် ထပ်ခွဲပြောရလျှင် သံဃာ့အဖွဲ့အစည်းနဲ့ အတွေးအခေါ်ဒသန(အယူအဆ)ပိုင်း .. ဘယ်အပိုင်းကို ဘယ်လိုစောင့်ရှောက်မည်နည်း။

သာသနာကို သံဃာ့အဖွဲ့အစည်းတစ်ခုအနေဖြင့် စောင့်ရှောက်မည်ဆိုပါက ... ၀န်ကြီးဌာနတစ်ခုဖြင့်ပင် ပြီးပါသည်။ အလွန်တာဝန်ကြီးသော၊ ၀န်ထမ်းအင်အား သိန်းချီခန့်ထား၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်လုပ်ရသော ကျန်းမာရေး၊ ပညာရေးများပင် ၀န်ကြီးဌာနတစ်ခုဖြင့် ပြီးလျှင် စနစ်ကျပြီးသော သံဃာ့အဖွဲ့အစည်းကို ကူညီထောက်ပံ့ရန်မှာ ၀န်ကြီးဌာနတစ်ခုဖြင့် သေချာပေါက်ပြီးပါသည်။
ပြီးရပါလိမ့်မည်။

မြန်မာပြည်တွင် သာသနာရေးဝန်ကြီးဌာန ရှိပြီးသောကြောင့် အစိုးရတစ်ရပ်အနေဖြင့် ထိုဝန်ကြီးဌာနမှ လိုအပ်သည်များကို ထောက်ပံ့ရုံဖြင့် သာသနာစောက်ရှောက်ရေးကိစ္စရေး ပြီးပါလိမ့်မည်။

မည်သည့်အစိုးရတက်တက့် (ဗုဒ္ဒာဘာသာမြန်မာပြည်တွင် သမ္မတသည်လည်း ဗုဒ္ဒာဘာသာဝင်ပင်ဖြစ်မည်ဖြစ်သောကြောင့်) ထိုအစိုးရ(သမ္မတ)သည် သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် သင့်တော်သလို ဆောင်ရွက်လိမ့်မည်။ ထိုသို့ဖြင့် သာသနာကို စောင့်ရှောက်ပေလိမ့်မည်။

နောက်တစ်မျိုးလှည့်ပြောရလျှင် သာသနာရေးဝန်ကြီးဌာနသည် အစိုးရစီမံခန့်ခွဲရသည့် ၀န်ကြီးဌာနပေါင်းများစွာအနက်မှ တစ်ခုသာဖြစ်သည်။

အဓိပ္ပာယ်မှာ သာသနာရေးဟူသည် အစိုးရထမ်းဆောင်ရမည့် တာဝန်များထဲမှ တစ်ခုသာဖြစ်သည်။ သို့ဆိုလျှင် အစိုးရတစ်ရပ်ကို နယ်ပယ်တစ်ခုတည်းကိုသာ ကွက်၍ ဒါလေး လုပ်ပေးရင် တော်ပါပြီလို့ ဆို၍မဖြစ်ပါ။ ဆို၍မသင့်ပါ။

ဥပမာ ပြည်သူတစ်ယောက်က အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရင် ကောင်းမယ်ဟု မျှော်လင့်နိုင်သော်လည်း ထိုကဏ္ဍတစ်ခုတည်းကိုသာ တာဝန်ခံမည့်အစိုးရကို မျှော်လင့်ခြင်းမှာ ယုတ္တိမရှိ၊ ဖြစ်လည်း မဖြစ်သင့်။

အဘယ်ကြောင့်နည်း .. အစိုးရ၏တာဝန်မှာ
ထိုတစ်ခုတည်း မဟုတ်၍ပင်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်တော်တို့ကတော့ ဒီကဏ္ဍကိုပဲ တာဝန်ယူမည်ဟုဆိုလျှင် ..
ပို၍ပို၍ပင် ယုတ္တိမရှိ။

အဘယ်ကြောင့်နည်း .. အစိုးရ၏တာဝန်မှာ
ထိုတစ်ခုတည်း မဟုတ်၍ပင်။

ဖြစ်သင့်သည်မှာ ကျွန်တော်တို့အနေနဲ့ ပညာရေးကို ဒီလိုစီစဉ်ထားပါတယ်၊ ကျန်းမာရေးကတော့ ဒီလိုပါ ... စိုက်ပျိုးရေးကဏ္ဍမှာ ဒီလိုလုပ်မှာပါ ... အုပ်ချုပ်သူတစ်ယောက်အနေဖြင့် ဤသို့ပင်ဖြစ်ရပါမည်။
သာသနာစောင့်ရှောက်ခြင်းကို အတွေးအခေါ်ပိုင်းအရဆိုလျှင် အစိုးရအနေဖြင့် စောင့်ရှောက်စရာမလိုပါ။ သူ့တာဝန်မဟုတ်ပါ။

ဤသည်မှာ သံဃာများ၏တာဝန်သာ ဖြစ်သည်။
ရှင်းပါသည် ...
ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်သည်မှာ ဆရာဝန်များသာဖြစ်သည်။ ကလေးများစာတတ်ရန် သင်ပေးရမည်မှာ ကျောင်းဆရာများ၏ တာဝန်သာဖြစ်သည်။

ထို့အတူ ပြည်သူအများ .. ဗုဒ္ဒဘာသာတွင် သက်ဝင်ယုံကြည်အောင်၊ ပြည်သူများ အကျင့်သီလမြဲလာအောင် တရားဓမ္မဟောပြောရမည်မှာ သံဃာများ၏တာဝန်သာဖြစ်သည်။

အစိုးရ၏တာဝန်မှာ ထိုအဖွဲ့အစည်းများကို ကူညီထောက်ပံ့ရန်သာ ဖြစ်သည်။

ထို့ပြင် အလွန်ကြီးမားသည့် ကွာခြားချက်ကြီးမှာ သံဃာအဖွဲ့အစည်းသည်
ပညာရေးနှင့် ကျန်းမာရေးလို
အစိုးရကို မှီခိုနေသော အဖွဲ့မဟုတ်ဘဲ လွတ်လပ်သောအဖွဲ့ကြီးဖြစ်သည်။

ထို့ပြင် တိကျသော စည်းကမ်းများနှင့် ဖွဲ့စည်းပုံ စနစ်တကျရှိပြီးသော အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ ထို့ကြောင့်ပင် ဗဟိုဦးစီးခေါင်းဆောင် မရှိဘဲ နှစ်ပေါင်းထောင်ချီခရီးထိ တည်တံ့ခဲ့ခြင်းဖြစ်သည်။

သာသနာကို တကယ်တမ်း စောင့်ရှောက်ခဲ့သည်မှာ သံဃာနှင့်ဒါယိကာများသာ ဖြစ်သည်။ ဘာသာခြားများ၏လက်အောက်တွင်  နှစ်ပေါင်း 100 နေခဲ့ရသော်လည်း သာသနာမပျက်ခဲ့ရသည်မှာ မြန်မာသံဃာတော်အရှင်မြတ်များနှင့် ဒါယိကာ/မတို့၏ စောင့်ရှောက်မှုကြောင့်သာ ဖြစ်သည်။

သာသနာကို စောက်ရှောက်ခဲ့သည်မှာ/ ပြန့် ပွားစေခဲ့သည်မှာ မင်းတုန်းမင်းမဟုတ်၊
ဦးနုမဟုတ်၊
ဗိုလ်နေ၀င်းမဟုတ် ... ဗိုလ်သန်းရွှေမဟုတ် ..
ဦးဗုဗ်ဆရာတော်၊
လယ်တီဆရာတော်၊ မင်းကွန်းဆရာတော်၊ မဟာဂန္ဒာရုံဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်လို ဆရာတော်သံဃာတော်များနှင့် လူဒါယိကာများသာ ဖြစ်သည်။

နောက်ဆုံး
အဓိကအချက်ကို ပြန်ချုပ်ပါမည်။
အစိုးရတစ်ရပ်အနေဖြင့် ဘာသာရေး၊ အကျင့်သီလ၊ အတွေးအခေါ်များအတွက် တိုက်ရိုက်တာဝန်မရှိ။ ကူညီထောင့်ပံ့ခြင်းဟူသော သွယ်ဝိုက်တာဝန်သာ ရှိသည်။ အဘယ်ကြောင့်နည်း။ အုပ်ချုပ်မင်းလုပ်ခြင်းဟူသည် စီမံခန့်ခွဲမှုပုံစံတစ်မျိုးဖြစ်သည်။ မင်း၏အာဏာဟူသည် တိုင်းပြည်အား တရားမျှတစွာ စီမံနိုင်ရန် ပြည်သူများက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ဖြစ်သည်။ အုပ်စိုးသူအစိုးရဟူသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ခံလုပ်ဆောင်ရသော
အဖွဲ့ကြီး ဖြစ်သောကြောင့်ပင်တည်း။

အစိုးရတစ်ရပ်အနေဖြင့် သူ့ရည်ရွယ်ချက်မှာ
ပြည်သူတွေ ငါးပါးသီလမြဲဖို့၊ ကိုယ့်ကျင့်သိက္ခာရှိဖို့ဟု ဆိုလျှင်  ယုတ္တိရှိမရှိ စဉ်းစားကြပါကုန်။

့(တကယ်တမ်း ထိုသို့ရည်ရွယ်ထားလျှင်လည်း မဲဆန္ဒရှင်များအနေဖြင့် ထိုမဟာသမ္မတမင်းကို ခေါင်းတုံး တုံးပေးးရန် သာရှိသည်)

အစိုးရကောင်းတစ်ရပ်အနေဖြင့် ပြည်သူတွေ ဆင်းရဲတွင်းက လွတ်ဖို့၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်ဖို့၊ တိုင်းပြည် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေးစနစ် အဆင့်မြင့်ဖို့၊ ကျန်းမာရေးစနစ် ကောင်းဖို့၊ တရားစီရင်ရေးစနစ် ဖြောင့်မှန်ဖို့ ..... အဲဒါတွေအားလုံးအတွက် စနစ်ကောင်းတစ်ခုဖြစ်တည်ဖို့ . ဤသည်သာ အဓိကရည်မှန်းချက် ဖြစ်သင့်သည်။ ဖြစ်ရပေလိမ့်မည်။

သို့မှသာ သာသနာကို စောင့်ရှောက်ခြင်းမည်ပါလိမ့်မည်။

ဟုတ်ကဲ့ .... ဒီလော့ဂျစ်ကို သင်္ကြန်အမြောက်လော့ဂျစ်လို့ နာမည်ပြောင်းပါတယ်။

လော့ဂျစ်-( ၅ ) သို့မဟုတ် အိပ်မက်လော့ဂျစ်

့(အပြောင်းအလဲအတွက် ဒီမိုကရေစီဘက်တော်သားတွေကို မဲပေးရမယ်)
ဒီလော့ဂျစ်ကတော့ ဘာမှပြောစရာမလိုအောင် ရှင်းပါတယ်။ စနစ်ရဲ့အပြောင်းကို လိုချင်နေသူတွေ၊ မျှော်လင့်နေသူတွေရဲ့ လော့ဂျစ်ပေါ့ဗျာ။

ဒီမိုကရေစီဘက်တော်သားတွေ လွှတ်တော်မှာ အင်အားတောင့်မှ ဖြစ်မယ်။
ဒါကြောင့် သူတို့ကို မဲထည့်ပြီး လွှတ်တော်ထဲ ရောက်အောင်ပို့မယ်။ အာဏာပြောင်းပြန်စီးနေတဲ့ ဖွဲ့စည်းပုံကို ပြင်မယ်ပေါ့။
ဒီ့ထက်ပိုပြီး မျှော်လင့်ရရင်တော့ .. ဒီမိုကရေစီဘက်တော်သားတွေ အင်အားတောင့်ပြီး လွှတ်တော်ပြင်ပ ဆွေးနွေးဝိုင်းတွေကိုလည်း ဦးဆောင်နိုင်လိမ့်မယ်ပေါ့။

အဲ ဒါပေမဲ့ပေါ့ဗျာ ...
အိပ်မက်ဆိုတဲ့ နာမည်အတိုင်းပါပဲ .. မျှော်လင့်ချက်က မပီဝိုးတ၀ါး .. မှုန်ရီပျပျ။
ဧကန်မုချ မပြောနိုင်တဲ့ အခြေအနေ။ ဘာပဲဖြစ်ဖြစ်ပါ .. အိပ်မက်ဆိုတာ တစ်ယောက်ချင်းစီ ပွင့်ရင်တောင် လှပါတယ်။

သန်းငါးဆယ်ရဲ့အိပ်မက်တွေသာ ပွင့်လိုက်ရင် ... ... ။
ဒါကြောင့်လည်း .. သမိုင်းအဆက်ဆက်လူတွေက အိပ်မက်ဆိုတာကို .. ဇွဲနဘဲနဲ့ မဖြစ်ဖြစ်အောင် မပွင့်ပွင့်အောင် ပျိုးခဲ့စိုက်ခဲ့ကြပါတယ်။
ပွင့်လည်း ပွင့်ခဲ့ကြတယ်လေ .. ။
မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို မြန်မာတွေက အဲလိုတွေးကြသဗျ။ ဘယ်အမျိုးအစားက ဘယ်လောက်များပါလိမ့်။

့1 လား 2 လား၊ 4 လား .. 5 လား။
မည်သို့ပင်ဖြစ်ပါစေ
ယခုလို ကမ္ဘာ့လာဘ်ပေးလာဘ်ယူမှု အများဆုံး နံပါတ်-၂ နိုင်ငံ၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် လက်ရှိ (2013-14)တွင် တစ်ဦးကျဝင်ငွေအနည်းဆုံး နိုင်ငံ၊ လူဦးရေ၏ 26% က ဆင်းရဲမွဲတေမူမျဉ်းအောက်ရောက်နေသော (4 ယောက်တွင် 1 ယောက် အလွန်ဆင်းရဲသော) နိုင်ငံ၊ လူ 100 မှာ လူ 25 ယောက်ကျော်သာ လျှပ်စစ်မီးသုံးနိုင်သောနိုင်ငံ ..... ထိုသို့သောနိုင်ငံမျိုးတွင် အကျင့်စာရိတ္တမြင့်မားအောင် မလုပ်နိုင်ကြောင်း၊
ဂုဏ်သိက္ခာရှိရှိ မနေနိုင်ကြောင်း၊ သားသမီးများအတွက် ပညာရေးနှင့် ကျန်းမာရေးစနစ်များသည်လည်း အဆင့်မမြင့်နိုင်ကြောင်း၊ တရားစီရင်ရေးသည်လည်း ပြည်သူများ၏ အားကိုးရာ မဖြစ်နိုင်ကြောင်း ... ထိုအခြေအနေများကို ပြောင်းလဲရန် တစ်နည်းအားဖြင့် ပတိရူပအရပ်ဖြစ်ရန် ကောင်းမွန်သောအုပ်ချုပ်ပုံ ရှိရမည်ဖြစ်ကြောင်း ... ပတိရူပအရပ်ဖြစ်မှသာ သာသနာ ကောင်းစွာရှင်သန်နိုင်မည်ဖြစ်ကြောင်း ထိုသို့ နားလည်လာလျှင်မူ ကျွန်တော်တို့အတွက် လိုအပ်သော အပြောင်းအလဲဟူသည် အိပ်မက်မဟုတ်နိုင်တော့ပါ။

မူရင်းပိုစ့်မှ comments

Aung Zay Ra
သိပ်ခက်တယ် ၂၀၁၅ မှာရွေးချယ်ဖို့ သိပ်ကိုခက်နေပြည် ခင်ဗျာပြောသလို ကျတော်တိုပြည်သူတွေ အပြောင်းအလွှဲကိုလိုချင်တာတော့အမှန်ပါ ဒါပေမဲ့ ဒီမိုဘက်တော်သားတွေကို မဲပေးဖို့ကြပြန်တော့ ခက်တာက ဒီမိုဘက်တော်သားတွေရဲ့ နိုင်ငံရေး ခံယူချက်၊ယုံကြည်ချက်၊လမ်းစဉ်၊ကျင့်စဉ်၊ဝါဒ၊မူဘောင် ဒါတွေကို ခိုင်ခိုင်မာမာပြသထားတာကိုမတွေ့ရ အစိုးရကလုပ်တာကို မကျေနပ်တိုင်း ကျောင်းသားတွေကို ဆူပူအောင်မြောက်ပေး တိုင်းပြည်ဆူပူ နိုင်ငံရေးအကျပ်အတည်းဖြစ်အောင်လုပ် ကုလားနဲ့ဖင်ပုတ်ခေါင်းပုတ်တရုံးရုံး မြင်နေတွေ့နေသိနေရတော့ ခင်ဗျားပြောတဲ့ ဒီမိုဘက်တော်သားတွေကို ဘယ်လိုနိုင်ငံရေးအသိစိတ်နဲ့ မဲပေးရမလဲဗျာ ဒီမိုခေါင်ဆောင်ဒေါ်စုကိုယ်တိုင် မောင်နှမချင်မစည်းရုံးနိုင် မွေးထားတဲ့သားသမီးကိုကိုယ့်ဘာသာဝင်ဖြစ်အောင်မစည်းရုံးနိုင် နောက်ဆုံးဖေဖေခေါ်နေတဲ့ ကိုယ်အဖေရဲ့ အနှစ်၁၀၀ပြည့်အထိမ်းအမှတ်နေ့မှာ ပြသဖို့ ဗိုလ်ချုပ်ရုပ်ရှင်ကားကို ငွေကြေးအစအကူအညီတွေရရှိပါလျှက်နဲ့ သူကိုယ်တိုင် ဖြစ်မြှောက်ရေးကော်မတီခေါင်းဆောင်ဖြစ်ပါလျှက်နဲ့ မဖြစ်ခဲ့တာ သူ့ရဲ့အရည်အချင်းကိုဖော်ပြထားတာပဲ ဒါကိုသိလျှက်နဲ့ ကျတော်တို့က ဒီမိုတွေလက် မြန်မာနိုင်ငံကို ဘယ်လိုအပ်ရမလဲဗျာ
ရှင်းရှင်းပြောရရင် ဒီမိုဆိုရင် လူတွေအားလုံးထက်ကိုပိုမယုံဘူးဗျာ ဒါကိုပြည်သူတိုင်းသိနေပါပြီဗျာ။

Min Thu
လူတွေကစာဖတ်ရမှပျင်းကြတယ် ဘာပြောပြောပြောတာကိုယုံကြတယ် ကိုယ်ပိုင်ဥာဏ်အသုံးချမူ အားနည်းနေတယ် အမျိုးဘာသာသာသနာ ထွန်းကားဖို့အတွက်ကုလားနဲ့ဆိုင်သလား ကုလားမရှိရင် သာသနာထွန်းကားမယ်လို့ ထင်ကြသူထင် ကုလားက သာသနာကိုပျက်စီးနိုင်တယ်လို့ ထင်တဲ့သူကထင် အဲဒါတွေဥပဒေမရှိတဲ့နိုင်ငံမှပဲရှိမယ်
မိမိဘာသာကိုမိမိဖျက်စီးမှသာလျှင် ပျက်စီးသွားတာပဲ
မွတ်ကုလားကို လက်ထက်တယ်ဆိုတာက သူမကိုယ်တိုင်က ဘာသာရေးခံယူချက်အားနည်း သိုမဟုတ် ငွေကြေးနှင့် အချစ်အကြောင်း
ပဲ လက်ထက်ခဲ့ကြတယ် အဓိကတော့ နောင်ဖြစ်လာမည့် အကျိုးဆက်စဉ်းစားဥာဏ်နှင့်
ဘာသာရေးအားနည်းနေလိုပဲ ဖြစ်တယ် ဗုဒ္ဓဘာသာမှာ အားလုံးကို welcome ပဲ လာပါ ရူပါ အားထုတ်ပါ ။
ဒီဘာသာတရား အားကောင်းလာအောင် အရင်လုပ်မှာလား
ကုလားကိုအရင်တိုက်ခိုက်မှလား
လေ့လာပါ အားထုတ်ကြည့်ပါ။
ပြီးမှ ယုံကြည်လက်ခံပါ။
မိရိုဖလာကနေ တကယ်ဗုဒ္ဓဘာသာဖြစ်အောင် လုပ်သင့်တယ်မဟုတ်လား
ကုလားဆိုတဲ့လူကိုတိုက်ခိုက်ရမှာလား အသိတရား အမြင်မှန်အောင်စည်းရုံး
ရမှာလား
ိမိမိ ဘာသာကိုမိမိမယုံကြည်သူများသည် ဘာသာပျက်မှကြောက်ကြတယ် ကမ္ဘာကြီးဟာရွာကြီးတရွာဖြစ်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာအသိတရားတွေ မိမိကိုယ်ပိုင်ဥာဏ် စဉ်းစားမူတွေ အမှား အမှန် ခွဲခြားမူတွေ ဖြစ်လာချိန်မှာ ဘာသာရေးအယူအဆတွေကိုလက်တွေ့ ဘက်သိုရောက်လာချိန်မှာ ထေရဝါဒဗုဒ္ဓဘာသာကို လေ့လာမူ ကျင့်ကြံမူဖြစ်လာအောင်လုပ်ဆောင်ပေးရမှာက အမျိုး ဘာသာ သာသနာ အတွက်လုပ်ဆောင်သူဟုမည်၏။ ဘာသာမုန်းတီးစိတ်သည် ထိုဘာသာခြားလဲမိမိဘာသာကိုမုန်းမှအသေချာပါပဲ။

Arrow Blue
ကိုAung Zay Ra ရေ
ဒီအစိုးရခေတ်မှာ ဘာတွေရော လုပ်ပြလို့လဲ မှားတာကို
ထောက်ပြပြောဆိုနေတဲ့ သတင်း media တွေဆို ထောင်ချ နှစ်ရှည်လာများပါ
သူတို့မှာ ဘ၀နဲ့ရင်းရတာပါ
ခုလို အချိန်အခါ ရောက်ဖို့
ခေတ် ပြောင်း စနစ်ပြောင်းရောက်
စစ်တပ်ကို ဘယ်လောက်တွန်း
လှန်ခဲ့ရသလဲ ဆိုရင် သတင်းစာပေ ဖတ်တဲ့သူတိုင်း နားလည်မှာပါနော်
ခုခေတ်မှာ သူတို့လုပ်တာပဲ ကောင်း
ကျန်တဲ့သူဆို မကောင်းဘူးဆိုတာကြီးပဲ
ညှိနှိုင်းပေါင်းစပ်တယ်ဆိုတာ ခင်ဗျားလည်းသိမှာပါ။ မရှိသလောက်ပါပဲ။

Win Naing
Knowledgeable! Well done.
လော့ဂျစ် (၅) ခု ကိုတစ်ခုချင်းရှင်းပြထား
တာ အလွန်ကောင်းပါသည်။ ဖတ်တဲ့သူ
တွေရဲ့ အတွေ့အကြုံနဲ့ဗဟုသုတအပေါ်
မူတည်ပြီး ရွေးချယ်ဖို့ ဆုံးဖြတ်ဖို့ချန်ထား
ခဲ့တာတွေ့ရပါတယ်။ကျနော့်သဘောက
တော့ အဲလိုမချန်ခဲ့စေချင်ဖူး။ဗေဒင်ဟော
စာတမ်းလိုကိုယ့်ဆန္ဒ နဲ့ကိုက်ရင်သဘော
ကျပြီး ကိုယ်ဖြစ်ချင်တာမဟုတ်ရင်တော့
ဗေဒင်က မမှန်ပါဖူးကွာဆိုပြီး မှတ်ချက်
ပေးတာမျိုးမဖြစ်စေချင်ဖူး။ ကျနော်ကတော့ လော့ဂျစ်-၅ ကိုကြိုက်
တယ်။ဒါ ဓမ္မဓိဋ္ဌာန်ကျတဲ့ လော့ဂျစ်ပဲ။
အာဏာရပါတီပဲဖြစ်ဖြစ်၊အတိုက်အခံပဲ
ဖြစ်ဖြစ် Change လုပ်မယ့်သူဆိုရင် မဲပေးမယ်ဆိုတဲ့အယူအဆဖြစ်အောင်
တိုက်တွန်းသင့်တယ်ထင်ပါတယ်။
We need change. We should elect
whoever he change, but that change must be effective so that
it is important to know the ability
of the one we elect at the election.
He must be an effective leader.
Some are efficient, but can not lead effectively. Effectiveness should be the most important priority in coming election.
Whoever the candidate is,
WE NEED CHANGE !

Saya Choon
အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အမှား တွေကြောင့် ပြည်သူတွေအတွက်ရော တိုင်းပြည်အတွက်ပါ
လိုအပ်ချက်တွေ များနေပါတယ် လူလည်းပြောင်း မူလည်းပြောင်းသင့်နေတာ ကြာပါပြီ လိုအပ်ချက်တွေ မပြည့်စုံတာတွေ ပြုပြင်စရာတွေ များတဲ့အတွက် နောက်တက်လာမဲ့အစိုးရမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရမှာပါ
ဥပမာ ပညာရေးစနစ် ပျက်နေပြီပြောကြတယ်
ပျက်လည်း တကယ်ပျက်နေပြီ
ဒါဖြင့် ဘယ်လိုပြင်ကြမလဲ
၅နှစ်နဲ့ ပြင်လို့မရနိုင်ပါဘူး
မူလတန်းဆင့် သင်ကြားမှုကစပြင်ရမှာပါ အဲဒီမူလတန်းကလေးတွေ ကစလို့ တစ်တန်းခြင်း သင်ရိုး သင်နည်းစနစ် အတွေးခေါ်ပိုင်း မြှင့်လာမှ နောက် ၁၀နှစ် ၁၅နှစ် အဲသလောက်အချိန်ယူရပါမယ် ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စိတ်ရှည်ရမယ် ဇွဲရှိရမယ် ကိုယ်တိုင်ပါဝင်ရမယ်
တိုင်းပြည်အတွကိ သင့်တော်မဲ့ အစိုးရကိုရွေးချယ်တတ်ရမယ်ဆိုတဲ့ လော့ဂျစ်တစ်ခု ထပ်တိုးပေးပါလားဗျာ။

့(မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်)

credit//
2015 Myanmar Election
15 July at 14:28

မူရင်း post
https://m.facebook.com/story.php?story_fbid=941552515883881&id=934990293206770&refid=18&_ft_&__tn__=C

No comments:

Post a Comment